Home » Features » အိမ်နှင့်ဝေးရာမှာ အမိမြေကို လွမ်းဆွတ်နေသူများ
Features

အိမ်နှင့်ဝေးရာမှာ အမိမြေကို လွမ်းဆွတ်နေသူများ

အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန်

ဘန်ကောက်မြို့ | 4 March 2022

အမေရိကန် ပြည်ထောင်စုရှိ စားသောက်ဆိုင်တဆိုင်တွင် စားဖိုဆောင်အလုပ်လုပ်နေသည့် မြန်မာ လွှတ်တော်အမတ်တဦးသည် သူ့လစာ၏ထက်ဝက်ကို မိခင်နိုင်ငံရှိ စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များသို့ ပေးပို့ ထောက်ပံ့နေသည်။ သတင်းထောက် တဦးကမူ အိမ်နီးချင်း ထိုင်းနိုင်ငံမှနေ၍ မြန်မာနိုင်ငံအကြောင်း သတင်းများကို တင်ဆက်ခြင်းဖြင့် တိုင်းပြည်အရေးတွင် ပါဝင်နေသည်။ မြန်မာနိုင်ငံသား တဦးကလည်း အရှေ့တောင်အာရှ တနိုင်ငံရှိ သူ့ ‘အိမ်’ မှနေ၍ ယာယီဘုရားစင်ရှေ့ထိုင်ကာ တိုင်းပြည်အတွက် ညတိုင်း ရှိခိုးဆုတောင်းနေသည်။

ထိုသူတို့မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း အခြားတိုင်းပြည်များသို့ နည်းလမ်းအသွယ်သွယ်ဖြင့် သွားရောက်ခိုလှုံနေကြရသည့်၊ အိမ်နှင့်ဝေးနေကြသည့် မြန်မာတချို့ပင် ဖြစ်သည်။

တချို့မှာ စစ်တပ်က သူတို့ကိုဖမ်းဖို့ရောက်လာပြီးနောက် တိမ်းရှောင်ခဲ့ကြသည်။ အများအပြားမှာ ကိုယ်တိုင် အဖမ်းခံရနိုင်သည့် အန္တရာယ်တွင် ရှိနေသလို ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသင်္ဂဟများလည်း အဖမ်းခံ သို့မဟုတ် ဒုက္ခပေးခံရနိုင်သည့် အခြေအနေမှာလည်း ရှိနေကြသည်။

ကျန်သူတို့မှာလည်း မိမိတို့အနာဂတ်များ မျက်စိရှေ့မှာပင် ပြိုကျပျက်စီးနေသည်ကို မြင်နေရသည်။ ထိုဖြစ်ရပ်များ ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် လူတယောက်သည် အသတ်ခံရဖို့အတွက် သို့မဟုတ် အခွင့်အရေးများ ချိုးဖောက်ခံရဖို့အတွက် နာမည်ကြီးပုဂ္ဂိုလ်တယောက် ဖြစ်နေဖို့မလိုပါ။ မြန်မာပြည်သည် စစ်တပ်ကို ပြည်သူက ပြန်ခုခံတော်လှန်တိုက်ခိုက်နေသော တိုင်းပြည်၊ မလုံခြုံသောဘဝမှာ နေရသည်မှာ မထူးဆန်းတော့သော တိုင်းပြည်ပင် ဖြစ်သည်။ နိုင်ငံလူဦးရေ ၅၅ သန်းကျော်၏ ၄၅ ရာခိုင်နှုန်း၊ သို့မဟုတ် လူ ၂၅ သန်းအထိသော ပမာဏသည် ကုလသမဂ္ဂ၏ဟောကိန်းအရ ၂၀၂၂ ခုနှစ်တွင် ဆင်းရဲမွဲတေမှုညွန်အတွင်း သက်ဆင်းဖို့ ရှိနေသော တိုင်းပြည်ဖြစ်သည်။ 

“ကျနော်ကတော့ အကောင်းမြင်စိတ်ကိုပဲ မွေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကမ္ဘာလှည့်ခရီးသည်တဦးလိုပဲ သဘောထားတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လွှတ်တော်အမတ်ဟောင်း တဦးက ပြောသည်။​ သူသည် ယခု အမေရိကန်နိုင်ငံ၌ ဒုက္ခသည်အဖြစ် ရောက်ရှိနေသည်။ 

“ကျနော် ဒီကိုလာတယ်၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေ၊ သူတို့စနစ်၊ သူတို့အစားအသောက်တွေကို လေ့လာ ကြည့်ရှုတယ်ပေါ့ဗျာ” ဟု အသက် ၄၇ နှစ်အရွယ် ထိုအမတ်ဟောင်းက ပြောသည်။ သူ့ကို ‘စနေနဂါး’ ဟု ခေါ်ပါဟု ဆိုသည်။ ယခု သူသည် ယာယီအခိုက်အတံ့သာဖြစ်မည်ဟု သူမျှော်လင့်သော လက်ရှိဘဝတွင် အဆင်ပြေအောင် ကြိုးပမ်းလျက်ရှိသည်။ 

“တနှစ်အတွင်း ကျနော်တို့ နိုင်မယ်လို့ ထင်တယ်။ ပြီးရင် (မြန်မာပြည်) ပြန်နိုင်မယ်ပေါ့” ဟု ဆိုသည်။

“ဟင့်အင်း အဆင်မပြေဘူး” ဟု ပြောသူက မြန်မာနိုင်ငံမှာ အသေးစားလုပ်ငန်းတခုရှိသည့် ကိုဝင်း ဆိုသူ ဖြစ်သည်။ သူက ယခင်က ရွှေ့ပြောင်းလုပ်သားတဦး ဖြစ်သည်။ 

“နေ့တိုင်း ကျနော့်စိတ်က ကြည်မနေဘူး။ ကောင်းကောင်းမဝင်စားနိုင်ဘူး” ဟု သူက မကျေမချမ်းဖြင့် ပြောသည်။ တရားထိုင်ခြင်း၊ ဗုဒ္ဓဘာသာဘုရားကျောင်းကန်များ သွားခြင်းအပြင် နေ့တိုင်း Facebook ပေါ် တက်လာသမျှ မြန်မာ့နောက်ဆုံးသတင်းများကို ဖတ်ရှုရင်းဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ရဲဘော်ရဲဘက်များအတွက် နေ့တိုင်း စိတ်ဖြေရာရှာဖို့ ကြိုးပမ်းသည်။

သူ့လို လူအများအပြားအဖို့ မြန်မာပြည်ပြန်ဖို့ အစီအစဉ်ရှိသော်လည်း လောလောဆယ်မှာတော့ နဂိုရှိပြီးသား ပြည်ပရောက် မြန်မာအများအပြားနှင့်အတူ အဝေးရောက်ဘဝမှာ ရှိနေဆဲဖြစ်သည်။ ခေတ်အဆက်ဆက် စစ်အစိုးရများ၏ပယောဂများ၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဆယ်စုနှစ်နှင့်ချီကာ ကြုံခဲ့ရသည့် ပဋိပက္ခများအတွင်း မြန်မာနိုင်ငံသားအများအပြားမှာ သန်းဂဏန်းနှင့်ချီကာ ပြည်ပသို့ရောက်ရှိနေကြရသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားအရေအတွက်မှာ ၃ ဒသမ ၇ သန်း (လူဦးရေ၏ ၆ ဒသမ ၈ ရာခိုင်နှုန်း) ရှိမည်ဟု ကမ္ဘာတလွှား ပြန့်ကျဲရောက်ရှိနေထိုင်ကြသူများဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့အစည်းက ခန့်မှန်း သည်။​သို့သော် ထိုပမာဏမှာ စီးပွားရေးသက်သက်ပြောင်းရွှေ့လုပ်ကိုင်နေကြသူများကိုသာ ထည့်သွင်းထားသည်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ၏ ၂၀၂၁ ခုနှစ် နှစ်လယ်အထိ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသား ဒုက္ခသည်စုစုပေါင်းမှာ ၁ ဒသမ ၁၂ သန်းရှိပြီဟု ဆိုသည်။ ၂၀၂၁ ပထမနှစ်ဝက်အတွင်း နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားလွှာပေါင်း မြန်မာနိုင်ငံမှ ၅၃၅၇ စောင် ရရှိခဲ့ပြီး အများစုမှာ မလေးရှား၊ အိန္ဒိယနှင့် အမေရိကတို့မှ ဖြစ်သည်ဟု ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သို့ ပြောင်းရွှေ့ထွက်ခွာကြသည့် ဒုက္ခသည်ပေါင်းမှာ ဖေဖော်ဝါရီလလယ်အထိ စာရင်းများအရ ၄၆,၀၀၀ ရှိသည်ဟု UNHCR က ခန့်မှန်းသော်လည်း မြေပြင်တွင် ထို့ထက်ပိုများနိုင်သည်။

၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်း နိုင်ငံမှထွက်ခွာခဲ့ကြသူများမှာ ရုပ်ပိုင်းလုံခြုံမှုရှိသော်လည်း ဒုက္ခသည် ဖြစ်စေ၊ နိုင်ငံရေးခိုလှုံသူဖြစ်စေ၊ ပြည်ပရောက်ပြီး သို့မဟုတ် ထိုသို့ရောက်ရန်စောင့်ဆိုင်းနေသူဖြစ်စေ စိတ်ပိုင်းဆိုင်ရာမှာတော့ မြန်မာနိုင်ငံအခြေအနေများနှင့် ပတ်သက်၍ အမြဲထိခိုက်ခံစားနေကြရသည်။

“ကျနော် (ဒီကနေ) ဘာလုပ်ပေးသင့်လဲ။ ကျနော်တို့ ဘာလုပ်သင့်သလဲ။ အမြဲပဲ ကျနော်တို့မှာ ဟိုလိုတွေးလိုက်၊ သည်လိုတွေးလိုက်နဲ့” ဟု ကိုဝင်းက ပြောသည်။

“လူတိုင်းက တနေ့ကျရင် အိမ်ပြန်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ တနေ့စီတိုင်းကို ဖြတ်သန်းနေကြ ရတယ်” ဟု ပြောသူက ထိုင်းနိုင်ငံသို့ရောက်ရှိ နေထိုင်သည်မှာ တနှစ်နီးပါးရှိပြီဖြစ်သည့် အမျိုးသမီး အယ်ဒီတာ ‘စိုင်း’ ဆိုသူဖြစ်သည်။ အလှမ်းဝေးသည့် နိုင်ငံများသို့ ဒုက္ခသည်အဖြစ် သွားမနေလိုသူလည်း ဖြစ်သည်။

“ဆန္ဒအတိုင်း အိမ်ပြန်မယ်ဆိုလို့ရှိရင် ကျမ လုံခြုံမှာမဟုတ်ဘူး။ အချိန်မရွေး အသတ်ခံရနိုင်တယ်။ အခု တော့ အိမ်မပြန်သေးတာကပဲ လက်တွေ့ကျတဲ့ လုံခြုံရေးအာမခံမှုပဲ” ဟု သူက ပြောသည်။

အဆိုပါ ‘အဝေးရောက်နိုင်ငံသား’ တချို့သည် အာဏာသိမ်းပြီးနောက် လပိုင်းအတွင်း နိုင်ငံမှထွက်ခွာခဲ့ကြ သည်။ တချို့ကတော့ နည်းနည်းနောက်ကျမှ ထွက်လာကြခြင်းဖြစ်ပြီး မြန်မာအကျပ်အတည်း အချိန်တို အတွင်း ပြီးနိုင်ဖွယ်မရှိဟု ထင်ရှားလာမှ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ တချို့ဆိုလျှင် အမေရိက၊ ဩစတြေးလျ နှင့် ဥရောပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ရောက်ရှိနေထိုင်နေကြပြီဖြစ်သည်။ အများအပြားကတော့ အလုပ်ရှာဖို့၊ ကျောင်းဆက်တက်ဖို့၊ သို့မဟုတ် ပြည်ပရှိဆွေမျိုးများနှင့် သွားရောက်နေထိုင်ဖို့ စသည့် အကြောင်းတခုမဟုတ်တခု ရှာပြီး ပြည်ပသို့ထွက်ခွာခဲ့ကြသည်။

သိပ်မလွယ်လှ

သူတို့သည် ပြည်ပတွင် တသက်စာနေထိုင်ကြရတော့မည်ဟု တွေးကြည့်ဖို့ အဆင်သင့်မဖြစ်ကြပါ။ စစ်တပ်ကို လက်နက်စွဲကိုင်တော်လှန်မှုတွင်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရတွင်လည်းကောင်း မျှော်လင့်ချက် ထားရှိနေကြသလို ၂၀၂၂ ခုနှစ်အတွင်း အောင်မြင်မှုဖော်ဆောင်နိုင်မည်ဟု အများနည်းတူ ယူဆနေကြသည်။ အဝေးရောက်နေစဉ်အတွင်း တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းများ စောင့်ဆိုင်းရင်း ရရာအလုပ်ကို လုပ်ကိုင်ကြသည်။ 

“ကိုယ့်တိုင်းပြည်မှာတုန်းက နေခဲ့ရတဲ့ဘဝနဲ့ယှဉ်ရင်တော့ နည်းနည်းအောက်ကျနောက်ကျ နိုင်သလို ခံစားရတာပေါ့” ဟု ရန်ကုန်မှလာသည့် စာရေးဆရာ၊ နိုင်ငံရေးသုံးသပ်သူ ကိုအောင် (အမည်လွှဲ) က ပြောသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၄ နာရီခွဲတွင် စစ်သားများက သူ့ကိုဖမ်းဖို့ အိမ်ကို ရောက်လာခဲ့သော်လည်း သူငယ်ချင်းတယောက်၏ အိမ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကာ ကရင်ပြည်နယ် မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ကူးခဲ့သည်။ နောက်မကြာမီတွင် မိသားစုကိုခေါ်ကာ အမေရိက၌ ခိုလှုံခွင့်လျှောက်ထားခဲ့သည်။

အသက် ၅၃ နှစ်ရှိပြီဖြစ်သည့် ကိုအောင်သည် ယခု အမေရိကန်ပြည်ထောင်စု အနောက်ဖက်ကမ်းရှိ ဟိုတယ် တခုတွင် ဧည့်ကြိုအဖြစ် လုပ်ကိုင်လျက်ရှိသည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် သူ ဘွဲ့ရသည့် နောက်ပိုင်း လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ငန်းနယ်ပယ်လည်း ဖြစ်သည်။

“ကျနော့် (ဟိုတယ်) အလုပ်က မဆိုးပါဘူး။ လစာလည်းကောင်းပါတယ်။ မိသားစုကို ထောက်ပံ့နိုင်တယ်။ အဆင်ပြေပါတယ်” ဟု သူက ပြောသည်။ “ဒီမှာတော့ လုံခြုံရေးကိစ္စ စိတ်ပူစရာမလိုတော့ဘူး။ ဒါကိုကပဲ အတော်ကိုစိတ်သက်သာရာ ရတယ်” ဟု ဆိုသည်။

အာဏာသိမ်းသည့်နေ့တွင် စတင်ရေးခဲ့သည်ဟု ဆိုသည့် စာအုပ်စာမူမှာ သူ့ကွန်ပျူတာ၏ ဟာ့ဒစ်ထဲတွင် ယခုထိရှိသေးသည်။ “နေ့တိုင်း လက်ပ်တော့နဲ့ တကြောင်းရရ၊ နှစ်ကြောင်းရရ ရေးတာပဲ။ နောင် တချိန် ပြန်သုံးဖို့ပေါ့” ဟု ကိုအောင်က ပြောသည်။

စနေနဂါး အတွက်မူ ဘွဲ့လက်မှတ်များ မတင်ပြနိုင်ခြင်းကြောင့် အလုပ်ရှာရာတွင် အခက်အခဲဖြစ်သည်ဟု ပြောသည်။ သူ ရောက်ရောက်ချင်း မြန်မာမိတ်ဆွေများက ဒေါ်လာရာဂဏန်းမျှ ဝိုင်းထောက်ပံ့ ကြသည်။ ထို့ပြင် အမေရိကန်ကူညီထောက်ပံ့ရေးအစီအစဉ်အရ အာမခံနှင့် အစားအသောက်ဝယ်ယူနိုင်သည့် လက်မှတ်များ ရရှိခဲ့သည်။ သို့သော်လည်း သူကတော့ အလုပ်လုပ်နိုင်ပြီဆိုသည်နှင့် အလုပ်ရှာချင်ကြောင်း နှင့် ဂျပန်စားသောက်ဆိုင်တဆိုင်တွင် အလုပ်တခုရခဲ့သည်ဟု ဆိုသည်။

ရောက်ရောက်ချင်း သီတင်းသုံးပတ်အတွင်း ရုန်းကန်ရပုံများကို ပြန်ပြောင်းပြောပြသည်။ စားသောက်ဆိုင်တွင် ဟင်းသီးဟင်းရွက်များ လှီးဖြတ်ခြင်း၊ အသားများချက်ပြုတ်ခြင်းတို့ကို ညဉ့်သန်းခေါင်အထိ အဆိုင်းဖြင့် လုပ်ရသည်။ “ဒီက စက်တွေဘယ်လိုသုံးရလဲ ကျနော်မသိဘူးဗျ။ ဒါ ကျနော်ကျွမ်းကျင်တဲ့အလုပ်လည်း မဟုတ်တော့လေ” ဟု NLD အမတ်ဟောင်းဖြစ်သူ သူက ဆိုသည်။ ယခုတော့ သူသည် ပန်းကန်ဆေးစက် ကဲ့သို့သော စက်ပစ္စည်းများကို သုံးတတ်နေပြီဖြစ်သလို လူသက်သာသည့်အတွက်လည်း ကျေနပ်နေပြီ ဖြစ်သည်။

ထိုသို့အလုပ်လုပ်နေရင်း အလုပ်ချိန်ပြီးနောက်ပိုင်း မိမိကဲ့သို့ တခြားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် Zoom အစည်းအဝေးများ လုပ်ခဲ့သေးသည်။ သူရသည့်လခ၏ ထက်ဝက်ဖြစ်သော ဒေါ်လာ ၁၀၀၀ ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သို့ လှူဒါန်းသည်ဟု ဆိုသည်။ 

“ကျနော်တို့က ငွေတွေစုပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဆီ ပို့ပေးတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အမေရိကန်နဲ့ ဩစတြေးလျက မြို့ငယ်တိုင်းမြို့ငယ်တိုင်း၊ ကမ္ဘာတဝန်းလုံးက မြန်မာလူမျိုးအားလုံးက မြန်မာနိုင်ငံထဲက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ရန်ပုံငွေရှာပေးနေကြတယ်” ဟု သူကပြောသည်။

အိမ်လွမ်းနာကျခြင်း၊ အစားအသောက်နှင့် ဘာသာစကား အခက်အခဲစသည့် သူ ယနေ့ကြုံနေရသည်တို့မှာ မြန်မာနိုင်ငံတွင်း ပြည်သူအများ ကြုံဆုံနေရသည်နှင့်ယှဉ်လျှင် ဘာမျှမဟုတ်ဟု ကိုဝင်းက ပြောသည်။

“ကျနော်ကမှ အိပ်နိုင်၊ စားနိုင်သေးတယ်။ PDF တွေ၊ ကလေးငယ်တွေဆို အသတ်ခံနေတာ။ အငတ်ငတ် အပြတ်ပြတ်နဲ့ နေနေရတာ။ ဒါကြောင့်မို့လည်း အဲသလို (စိတ်ညစ်စရာ) တွေဘာတွေ ရှိလာတယ် ဆိုရင်လည်း ဒါ ကျနော့်အတွက် ဘာမှမပြောပလောက်ပါဘူး”ဟု သူက ဆိုသည်။​ 

မရေရာတဲ့ဘဝ

သတင်းထောက် ‘စိုင်း’ အတွက်မူ လိုအပ်သည့် စာရွက်စာတမ်းများမရှိသဖြင့် ထိုင်းနိုင်ငံမှာ နေထိုင်ရေး အန္တရာယ်ရှိနေသည်။ “ကျမတို့မှာ စိတ်ပိုင်းလုံခြုံမှုပါ ဆုံးရှုံးနေရတယ်။ အကြီးဆုံးပေးတဲ့ စိတ်သောကက မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေပဲ။ တဖက်ကလည်း (ထိုင်းမှာ) အဖမ်းမခံရအောင် နေရေးအတွက် ရုန်းကန်ရတယ်” ဟု သူက ပြောသည်။

စစ်တပ်က အာဏာကိုင်ထားသည်မှာ ကြာလေ၊ အမိနိုင်ငံနှင့်အဝေးမှာ နေရသည့်အချိန် ပိုကြာလေ ဖြစ်သည်။ ယခုလောလောဆယ်မှာတော့ ဖြတ်သန်းနေရသည့်နေ့စဉ်ဘဝမှာ အဆင်ပြေအောင် နေထိုင်နေရသည်။ 

“စိတ်ဖိစီးမှုရတဲ့အခါ မိသားစုနဲ့ဖုန်းပြောတယ်။ ဗီဒီယိုကောလ်ခေါ်တယ်။ ညတိုင်း အမေနဲ့စကားပြောတယ်။ လူချင်းဝေးပေမဲ့ နီးနေသလိုခံစားရအောင်ပေါ့” ဟု စိုင်းကပြောသည်။ မြန်မာပြည်ရှိ မိသားစုအတွက် အွန်လိုင်းအက်ပ်များကိုသုံးပြီး အစားအသောက်များကို အဝေးမှလှမ်းမှာပေးသည်။

စိုင်း အကြောက်ဆုံးအရာမှာ “အိမ်ပြန်ဖို့ရာ သိပ်နောက်ကျသွားမှာ” ဖြစ်သည်ဟု ဆိုသည်။ 

“တော်လှန်ရေးက ကြာနေရင်၊ သို့မဟုတ် မနိုင်ခဲ့ရင် အိမ်ပြန်ခွင့်ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ဖို့ အရေးကြီးတယ်” ဟု ဆိုသည်။ 

စစ်တပ်က ရှေ့နှစ်မှာ ကျင်းပပေးမည်ဟု ကြွေးကြော်ထားသည့် ရွေးကောက်ပွဲကို မသမာမှုလုပ်မှာ ကိုအောင်က စိုးရိမ်နေသည်။ “သူတို့ကိုယ်သူတို့ ရွေးကောက်ခံသမ္မတပါဆိုပြီး ကြေညာပြီး​ ရုရှားနဲ့ ကမ္ဘောဒီးယားမှာလို သူတို့ပဲ ထာဝရအုပ်စိုးအောင် လုပ်” မည်လားဟု သူက စိတ်ပူနေသည်။

“ကျနော်တို့နိုင်မှဖြစ်မယ်၊ နိုင်ကိုနိုင်ရမယ်” ဟု ကိုဝင်းက ပြောသည်။ 

သတင်းသမားဖြစ်သည့် စိုင်းအတွက်မူ မြန်မာ့တော်လှန်ရေး အောင်မြင်မည်မှန်သော်လည်း “အခုကြည့်ရတာတော့ ကြာဦးမယ့်ပုံပဲ” ဟု ပြောသည်။

(*ဂျိုဟန်နာဆင် သည် Reporting ASEAN series ၏ အယ်ဒီတာ/တည်ထောင်သူဖြစ်သည်။)

Leave a Comment

© 2023 Reporting ASEAN – Voices and views from within Southeast Asia. All Rights Reserved.

Scroll to top