Home » #mediaonmedia » အာဏာသိမ်းပြီးတနှစ်အကြာ … မြန်မာနိုင်ငံတွင် သတင်းလုပ်ငန်းသည် ခယောင်းလမ်းဖြစ်နေ
#mediaonmedia

အာဏာသိမ်းပြီးတနှစ်အကြာ … မြန်မာနိုင်ငံတွင် သတင်းလုပ်ငန်းသည် ခယောင်းလမ်းဖြစ်နေ

Read in English | ThaiKhmer

ရန်ကုန် | ၂၀၂၂ ဖေဖော်ဝါရီ ၁

သတင်းဖြစ်တဲ့အရာကို ရှာဖွေရမယ့်အစား အာဏာသိမ်းခံထားရတဲ့ မြန်မာပြည်က သတင်းသမား အချို့ကတော့ အလှကုန်ပစ္စည်းတွေ၊ အဝတ်အထည်တွေကိုသာ ဝမ်းရေးအတွက် အလုပ်တခုအနေနဲ့ ရှာဖွေနေကြပါတယ်။ သတင်းလောကကို မစွန့်လွှတ်သေးသူတွေကျတော့လည်း မဖြစ်စလောက်လစာ ဖြစ်ဖြစ်၊ လစာလုံးဝမရဘဲနဲ့ဖြစ်ဖြစ် ဒီအလုပ်မှာ တွယ်ကပ်လုပ်ကိုင်နေကြပါတယ်။ သတင်းသမားတချို့ကတော့ နယ်စပ်ဒေသကို ထွက်ပြေးတာ၊ ဒါမှမဟုတ် ပြည်ပကိုသွားရောက်ခိုလှုံတာမျိုး လုပ်ခဲ့ကြ သလို နိုင်ငံတဝန်းမှာ စစ်တပ်ကို ခုခံနေကြတဲ့ လက်နက်ကိုင် အဖွဲ့အသီးသီးဆီ သွားရောက်ပြီး ကလောင်အစား သေနတ်ကိုပြောင်းကိုင်ကြသူ တချို့လည်း ရှိပါတယ်။ 

ဒါကတော့ မြန်မာနိုင်ငံရဲ့သတင်းလုပ်ငန်းနယ်ပယ်ကြီးထဲက ဆက်တိုက်ပြောင်းလဲနေတဲ့ အစိတ်အပိုင်း မြင်ကွင်းတချို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လောကဟာလည်း အဝိုင်းခံ၊ အသိမ်းခံလိုက်ရပါတော့တယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ ဒီနိုင်ငံသူနိုင်ငံသားအများအပြားလိုပဲ သတင်းထောက်တွေဟာလည်း သေရေးရှင်ရေး ဖိအားကို ခံစားနေရပါတယ်။ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ သိပ်စဉ်းစားကြည့်လို့ မရသေးတဲ့ အနေအထားမှာ စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရမလဲ၊ မိမိလုံခြုံရေးအတွက် ဘာ လုပ်ရမလဲ ဆိုတာကို အကြံအိုက်နေကြပါတယ်။ 

“မိသားစုက ကျနော့်ဝင်ငွေအပေါ်ကိုပဲ မှီတည်နေရတာ။ ဒီကာလကြီးမှာ သတင်းသမားတယောက်အနေနဲ့ မစွန့်စားရဲဘူး” လို့ အသက် ၃၈ နှစ်အရွယ် ရုပ်သံသတင်းထောက်ဟောင်း တဦးက ပြောပါတယ်။ သူဟာ အခုဆို စက်ဘီးနဲ့ ပစ္စည်းလိုက်ပို့ပေးရသူအလုပ် လုပ်ပြီး တဝမ်းတခါးဖြေရှင်းနေရတာပါ။ 

“ခုလက်ရှိ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို အကောင်းမြင်ဘက်ကနေ သတင်းရေးပေးဖို့ ကမ်းလှမ်းတဲ့ သတင်း ဌာန တချို့ရှိတယ်။ ဒါပေမဲ့လည်း ငတ်ချင်ငတ်ပါစေ၊ ဒီလိုသတင်းမျိုးတော့ မရေးချင်ဘူး” လို့ သူက ဆိုပါတယ်။

လက်ရှိအလုပ်ကို ဆုံးရှုံးလိုက်ရလို့ပဲ ဖြစ်ဖြစ်၊ အန္တရာယ်သိပ်များလို့ မလုပ်တော့တာပဲ ဖြစ်ဖြစ်၊ သတင်းသမား အတော်များများကတော့ တခြားအလုပ်အကိုင်တွေကို ပြောင်းလဲလုပ်ကိုင်နေကြပါတယ်။ တချို့လည်း မီဒီယာမဟုတ်တဲ့ လုပ်ငန်းအမျိုးအစားမှာ၊ တချို့လည်း မုန့်ဟင်းခါးတို့ ငါးပိတို့လို စားကုန်တွေရောင်းတာအပြင် တချို့က အဝေးပြေးကားလက်မှတ်ရောင်းတာမျိုးအထိပါ လုပ်နေကြပါတယ်။

တချို့အတွက်ကျတော့လည်း ပြီးခဲ့တဲ့တနှစ်အတွင်း ဘေးလွတ်ရာကိုရှောင်နေရတာ၊ သို့မဟုတ် ဒုက္ခသည်အဖြစ်၊ နိုင်ငံရေးခိုလှုံသူအဖြစ် ပြည်ပကိုထွက်ခွာခဲ့ရတာကြောင့် မိမိမိသားစုနဲ့ ကာလရှည် ခွဲခွာနေရတာမျိုးလို ဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ 

သတင်းသမားတွေ ရင်ဆိုင်နေရတာကတော့ ခုလို လျစ်လျူရှုထားလို့မရတဲ့ ပဋိပက္ခကြီးအလယ်မှာ သတင်းစာပညာလုပ်ငန်းနဲ့ ပတ်သက်တဲ့ ခံယူချက်၊ ယုံကြည်ချက် ဘယ်လိုရှိသလဲဆိုတဲ့ အဖြေရခက်တဲ့ မေးခွန်းပါပဲ။

“သူများ မိသားစုတွေရဲ့ ဗီဒီယိုလေးတွေ မြင်ရတော့ မိသားစုကို လွမ်းလွန်းလို့ ငိုရတယ်။ ကျနော့်ကလေးက သိပ်ငယ်သေးတော့ မိသားစုကိုပါ တခါတည်း ခေါ်မလာနိုင်ခဲ့ဘူး” လို့ ‘လွတ်မြောက်နယ်မြေ’ ခေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ ရှစ်လကြာ လှည့်လည်နေထိုင်နေခဲ့ရသူ သတင်းသမားတဦးက ဆိုပါတယ်။ သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဆူပူအောင်လှုံ့ဆော်မှုနဲ့ ဖမ်းဝရန်းထုတ် ခံထားရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေဟာ ဒီပုဒ်မနဲ့ အတော်လေး အမှုဖွင့် ခံရပါတယ်။

“ဒါပေမဲ့လည်း တဖြည်းဖြည်းနဲ့ တွေးမိတာ ကျနော်တို့တတွေ ခုလိုခွဲနေရပေမဲ့ အသက်ရှင်လျက် ရှိကြသေးတယ် ပေါ့။ သေကွဲကွဲခဲ့ရတဲ့ သူများမိသားစုတွေနဲ့စာရင် တော်ပါသေးတယ်ပေါ့” လို့ သူက ဆိုပါတယ်။

အမြဲသတိထားနေရ

သတင်းအလုပ် လုပ်နေကြသူတွေ ဆက်တိုက်ဖမ်းခံနေရတာကို ကြည့်ရင် မြန်မာနိုင်ငံမှာ သတင်းမီဒီယာ သမားလုပ်ရတာ အန္တရာယ်များတယ် ဆိုတာ ထင်ရှားပြီးသားပါ။ ဇန်နဝါရီ ၂၅ ရက်နေ့အထိစာရင်းတွေအရ အဖမ်းဆီးခံရသူ သတင်းသမားပေါင်း ၁၂၀ ရှိပြီး လက်ရှိအချုပ်အနှောင်ခံထားရဆဲ မီဒီယာသမား ၄၆ ဦး ကျန်ပါသေးတယ်။ ဒါပေမဲ့ သတင်းသမားအတွက် အန္တရာယ်များရတာဟာ ဒီကိစ္စတခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

မိမိနေထိုင်ရာအနီးအနားမှာ သတင်းသမားတယောက် နေထိုင်နေရင် အဲဒီရပ်ကွက်က ဒါကိုအန္တရာယ်လို့ မြင်ကြ ပါတယ်။ အဲဒီ သတင်းသမားကို အကြောင်းပြုပြီး ရဲနဲ့စစ်သားတွေက ရပ်ကွက်ထဲလာလာစီးနင်းမှာကို ကြောက်လို့ပါ။

“သတင်းမီဒီယာအလုပ်ဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရကတော့ ကျမတို့ကို ရာဇဝတ်ကောင်တွေ ဖြစ်အောင် လုပ်ပစ်ပါတယ်။ အပြင်သွားတိုင်း ကိုယ့်ကိုစောင့်ကြည့်နေမှာ ကြောက်နေရတယ်” လို့ အလွတ်တမ်း သတင်းထောက် အမျိုးသမီးတဦးက ပြောပါတယ်။ သူဟာ လစာမရဘဲ သတင်းရေးနေ ရတာပါ။ 

“ကျမဆို ကိုယ့်ဇာတိမြို့ကိုတောင် ကိုယ်ပြန်မသွားနိုင်ဘူး။ ဟိုမှာက အိမ်နီးချင်းတွေအကုန်လုံးက ကျမ သတင်းထောက်မှန်း သိကြတာလေ။ သတင်းသမားဆိုရင် ပြဿနာကို ခေါ်လာမယ့်သူလို့ပဲ သူတို့က မြင်ကြတာ” လို့ သူက ဆက်ပြောပါတယ်။ 

ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အဲဒီအမျိုးသမီးလို သတင်းသမားတွေဟာ အန္တရာယ်အများဆုံးပါပဲ။ သူဆိုရင် စစ်တပ်သတင်းပေးဒလန်တွေရန်ကြောင့် နေရာမကြာခဏ ပြောင်းနေနေရသူပါ။ 

“ကျမဆို ပတ်ဝန်းကျင်ကို ကျမ သတင်းထောက်မှန်း အသိမပေးရဲဘူး။ ကျမက အလွတ်တမ်းသတင်းထောက်ဆိုတော့ ဘယ် သတင်းတိုက်ကမှ ကိုယ့်ကို အကာအကွယ်ပေးမှာ မဟုတ်ဘူး။ ဒီတော့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်နေရတယ်” လို့ သူက ပြောပါတယ်။ 

မီဒီယာလောကမှာ ရှစ်နှစ်လောက် လုပ်ကိုင်လာခဲ့သူ တစ်ဦးကလည်း ခုလိုပြောပါတယ်။ 

“ဒီ စစ်ကောင်စီကတော့ သတင်းမှားတွေ လွှင့်နေပါတယ်။ ဒီမိုကရေစီအရေးအတွက် အသက်တောင်ပေးခဲ့ရသူတွေ အများကြီးပဲ။ ကျနော်ကတော့ ဘယ်လိုအန္တရာယ်မျိုးပဲရှိရှိ သတင်းထောက်အလုပ်ကို ဆက်လုပ်နေမှာပဲ။”

ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့မှာ ပြောင်းရွှေ့လုပ်ကိုင်နေကြတဲ့ ဩဇာကြီး သတင်းဌာနတွေနဲ့ တိုင်းရင်းသား သတင်းဌာနအချို့ဟာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို ရကြပါတယ်။ ဒါပေမဲ့ တဦးချင်း လုပ်ကိုင်တဲ့ သတင်းသမားတွေ၊ ဒေသန္တရ ပြည်တွင်း မီဒီယာအဖွဲ့အစည်းလေးတွေကတော့ အကူအညီ အထောက်အပံ့ကို အသည်းအသန် လိုအပ်နေတယ်လို့ ဝါရင့်သတင်းမီဒီယာသင်တန်းဆရာ တစ်ဦးက ပြောပါတယ်။

စားဖို့နဲ့ တခြားအသေးသုံးဖို့ ငွေကြေးလိုမျိုး တကယ့်အခြေခံ အကူအညီလိုအပ်နေတဲ့ ပြည်တွင်းသတင်းသမားတွေရဲ့ ၅ ရာခိုင်နှုန်းအောက်သာလျှင် လက်ရှိ အထောက်အပံ့ရကြလိမ့်မယ်လို့ သူက ခန့်မှန်းပါတယ်။

ခုဆိုရင် ပြည်တွင်းသတင်းသမားအများစုဟာ မူလလစာရဲ့ ၆၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်ခံကြရပါတယ်။ တချို့လည်း လစာတဝက် လျှော့ခံကြရပါတယ်။ သတင်းထောက်တယောက်ဟာ တလကို ကျပ် ၂၀၀,၀၀၀ (မြန်မာနိုင်ငံဗဟိုဘဏ်ရည်ညွှန်းဈေးအရ ဒေါ်လာ ၁၁၀) လောက်ပဲရပြီး အယ်ဒီတာ တယောက်ဟာ အဲဒါရဲ့ နှစ်ဆလောက်ပဲ ရပါတော့တယ်.

အန္တရာယ်ပေါ် အန္တရာယ်ဆင့်

သတင်းသမားတဦးဟာ သတင်းကိစ္စ ဆက်လုပ်နေနိုင်ရင်တောင်မှ တခြားအခက်အခဲတွေက ရှိနေပါသေးတယ်။ အဖမ်းခံရ၊ အသတ်ခံရမယ့် အန္တရာယ်မျိုးအပြင် အလုပ်ပတ်ဝန်းကျင်ကလည်း နည်းပေါင်းစုံနဲ့ ပျက်စီးသွားပါတယ်။ ဒါတွေဟာ သတင်းရဲ့အရည်အသွေးပိုင်း၊ မျိုးကွဲစုံလင်ပါဝင်မှုအပိုင်းကို ထိခိုက်စေပါတယ်။

ပြီးခဲ့တဲ့တနှစ်အတွင်း သတင်းထောက်တွေဟာ ကိုယ်သေချာမသိတဲ့ သတင်းရင်းမြစ်တွေနဲ့ မဆက်သွယ်မိအောင် အတော်လေး သတိထားရပါတယ်။ ကိုယ်ဆက်သွယ်လိုက်သူက စစ်ကောင်စီဘက်ကို လက်ထောက်ချလိုက် လိုက်တာမျိုး ဖြစ်မှာ စိုးရလို့ပါပဲ။ အဲဒီလို ရန်တွေဝိုင်းနေတဲ့အနေအထားမှာ တချို့က ကိုယ်ဘာလုပ်နေတယ်၊ ဒါမှမဟုတ် လတ်တလော ဘာသတင်းရေးနေတယ် ဆိုတာကို တခြားလူတွေကို ပေးတောင်မသိကြပါဘူး။

သတင်းသမားတွေဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အပေါ်ကိုလည်း ယုံကြည်မှု လုံးဝမရှိ သို့မဟုတ် လုံးဝ နီးပါး မရှိကြပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း မူလကောင်စီဝင်အများအပြား နုတ်ထွက်ကြပြီးတဲ့နောက် အသစ်ပြန်ဖွဲ့တဲ့အခါ ဒီ ကောင်စီသစ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ကိုင်တုတ် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကောင်စီဝင်အသစ်တွေ တင်မြှောက်တဲ့ပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းခြွေခဲ့ ပါသေးတယ်။

တချိန်တည်းမှာပဲ မည်သူ့ဩဇာမှမခံဘဲ ပြုလုပ်တဲ့ မီဒီယာသင်တန်းတွေကို ဘေးကင်းလုံခြုံရာမှာ ပြန်လည် စတင်နေကြပြီဖြစ်ပါတယ်။ သတင်းမီဒီယာအလုပ် လုပ်ကြသူတွေဟာ နောက်တချိန်ကျ ဒီလုပ်ငန်းကဏ္ဍကို ပြန်ထူထောင်ဖို့ ရည်မှန်းချက်ထားပြီး ဒီအမှောင်နေ့ရက်တွေအတွင်း မိမိအရည်အသွေးတက်အောင် ကြိုးစားနေရမှာ ဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာက ပြောပါတယ်။ “နောင်တချိန် သတင်းသမားဖြစ်ချင်သူတွေကို လေ့ကျင့်ပေးရမှာဖြစ်တဲ့အတွက် ကျနော်တို့ တတ်နိုင်သမျှ (ပညာ)ရအောင်ယူနေရမှာပဲ ဖြစ်တယ်” လို့ သူက ထောက်ပြ ပါတယ်။

အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ သတင်းသမားပေါင်း ၆၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပေမဲ့ အခုအချိန် မှာတော့ အဲဒီထက် များစွာလျော့နည်းနေမှာကတော့ အသေအချာပါပဲ။

အဖြေရကျပ်တဲ့မေးခွန်းတွေ

တချိန်တည်းမှာ သတင်းသမားတွေ ရင်ဆိုင်နေရတာကတော့ ခုလို လျစ်လျူရှုထားလို့မရတဲ့ ပဋိပက္ခကြီးအလယ်မှာ သတင်းစာပညာလုပ်ငန်းနဲ့ ပတ်သက်တဲ့ ခံယူချက်၊ ယုံကြည်ချက် ဘယ်လိုရှိသလဲဆိုတဲ့ အဖြေရခက်တဲ့ မေးခွန်းပါပဲ။

“အာဏာစသိမ်းပြီးပြီးချင်းတုန်းက ဆန္ဒပြပွဲတွေကို သတင်းလိုက်ယူရင်းနဲ့ မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး ဝမ်းနည်းခဲ့ရတယ်။ နေ့တိုင်း ငိုပြီး အပြစ်ရှိသလိုခံစားရတယ်။ ဒါကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိကို ထွက်လာခဲ့တာပဲ” လို့ အသက် ၃၀ အရွယ်ရှိ အမျိုးသမီး ရုပ်သံသတင်းထောက်တယောက်က ပြောပါတယ်။ အဲဒီ နောက် သူဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ဝင်ရောက်ဖို့အတွက် စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။

တချို့ကျတော့လည်း (မပြီးပြည့်စုံရင်တောင်) ခုထက်ပိုပြီး ဒီမိုကရေစီ ဆန်တဲ့ စနစ်တစ်ခုအတွက်လုပ်ကိုင်တဲ့ နေရမှာ သတင်းသမား၊ နိုင်ငံသား၊ တသီးပုဂ္ဂလလူသား ဆိုတဲ့ ဘဝသုံးခုကို တချိန်တည်းမှာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲလို့ မေးကြပါတယ်။ တချို့ကတော့ သတင်းသမားတယောက်ရဲ့ ‘ဓမ္မဓိဋ္ဌာန်ကျမှု’ သို့မဟုတ် ‘ဘက်မလိုက်မှု’ ကိုဆုပ်ကိုင်ထားတာဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့နေရာမှာ အားနည်းချက်ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့ မီဒီယာအလုပ်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်နေရင်းနဲ့ စစ်အစိုးရကိုဆန့်ကျင်နေနိုင်တယ်လို့ ယုံကြည်ကြပြန် ပါတယ်။

“သတင်းတပုဒ်မှာ ‘ဘက်မလိုက်’ ဖို့ဆိုပြီးတော့ စစ်တပ်ဘက်က အသံကိုမတောင်းချင်ဘူးလေ။ အာဏာသိမ်းတာနဲ့ ပတ်သက်လို့ အမှန်တရားက တခုပဲရှိတယ်။ သူတို့ဟာ လူသတ်ကောင်တွေပဲ။ ဒါကြောင့် သူတို့ကို ဘာမှမေးမနေဘူး။ ဘာဖြစ်တယ်ဆိုတာကိုပဲကို ဖော်ပြဖို့ကြိုးစားတယ်။ သူတို့သွားမေးလည်း အမှန်ကိုပြောတာမှ မဟုတ်တာ” လို့ မီဒီယာလောကမှာ ၁၂ နှစ် လုပ်ကိုင်ခဲ့ပြီးဖြစ်တဲ့ သတင်းထောက်တဦးက ပြောပါတယ်။ 

“ပရော်ဖက်ရှင်နယ်ဆန်ဖို့ထက် လူသားဆန်ဖို့ကို ပိုတန်ဖိုးထားတယ်” လို့ သူက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် သတင်းအလုပ်ကထွက်ပြီး တခြားပိုခိုင်မာတဲ့အလုပ်ကိုရွေးခဲ့တဲ့ သတင်းထောက်ဟောင်း တဦးကတော့ “ကျမအနေနဲ့ (အခုနေအခါ) သတင်းသမားဘဝကို စားဝတ်နေရေးအတွက် အားမကိုးနိုင်ပေမဲ့ သတင်းတွေကိုတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရေးနိုင်ပါတယ်” လို့ ပြောပါတယ်။

အသက်မသေရေး ရှုထောင့်က ကြည့်ကြည့်၊ ဘဝရပ်တည်ရေးရှုထောင့်က ကြည့်ကြည့်၊ ပရော်ဖက်ရှင်နယ်ဖြစ်ရေး ရှုထောင့်က ကြည့်ကြည့် သတင်းအချက်အလက်ဟာ သေနတ်သဖွယ်အသုံးကျနေတဲ့ မြန်မာပြည်မှာတော့ သတင်းလုပ်ငန်းဟာ သတိထားပြီး ကျော်ဖြတ်ရမယ့် ခယောင်းတောပဲ ဖြစ်ပါတယ်။ 

ခုလို ဗရုတ်ဗရက် ခေတ်ကြီးထဲမှာတောင်မှ ပိုကောင်းလာမယ့် မနက်ဖြန်အတွက် မျက်စိဖွင့်ထားသူတွေ ရှိနေပါတယ်။ မီဒီယာလိုင်စင်တွေ ရုပ်သိမ်းခံလိုက်ရပြီးနောက်မှာတောင် သတင်းဌာနအများအပြားဟာ ဆက်ပြီး သတင်းတင်ဆက် နေဆဲ ဖြစ်သလို အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပေါ်လာတဲ့ သတင်းစာမျက်နှာ အသစ်တွေကလည်း မနည်းမနောပါပဲ။ အွန်လိုင်းအခြေပြုတဲ့ အဲဒီလွတ်လပ်မီဒီယာတွေဟာ ပျက်စီးသွားတဲ့ ဒီလောကကို ပြန်တည်ဆောက်ရမယ့် အုတ်မြစ်တွေဖြစ်ပါတယ်။ 

“ခုလောလောဆယ်တော့ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတာပေါ့နော်။ ဒါပေမဲ့ ကျမ သတင်းသမားတယောက် ပြန်ဖြစ်လာမယ်လို့ပဲ ယုံကြည်ပါတယ်” လို့ အမျိုးသမီး သတင်းထောက်တယောက်က ပြောပါတယ်။ 

ဂျိုဟန်နာ ဆင် ပူးပေါင်းရေးသားသည်။

Leave a Comment

© 2023 Reporting ASEAN – Voices and views from within Southeast Asia. All Rights Reserved.

Scroll to top