Home » #mediaonmedia » အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ နှင့်ဆိုင်သော လုပ်ဇာတ်တစ်ခုကို ခြေရာခံလိုက်ခြင်း
#mediaonmedia

အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ နှင့်ဆိုင်သော လုပ်ဇာတ်တစ်ခုကို ခြေရာခံလိုက်ခြင်း

အယ်လ်ကာလိုင်းဓာတ် မြင့်တဲ့အစားအစာတွေကို စားသုံးခြင်းဟာ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်နိုင်တယ် ဆိုတဲ့ အတည်ပေါက်နဲ့ လျှောက်ရေးထားတဲ့စာဟာ ခုလောက်ဆိုရင်တော့ ပပျောက်သွားလောက်ပါပြီ။ တကယ်တမ်းမှာ ကမ္ဘာတစ်ဝန်းလုံးက သိပ္ပံကျွမ်းကျင်သူတွေ၊ အချက်အလက်အမှားစစ်ဆေးသူတွေဟာ အဲဒီ ပေါက်ကရသတင်း ပေါ်လာတဲ့အချိန်မှာ အလျင်အမြန်ပဲ တိုက်ဖျက်ခဲ့ကြရတာပါ။ 

သို့ရာတွင် မမှန်မကန်ဆိုထားတဲ့အဲဒီအကြောင်းအရာဟာ လူမှုမီဒီယာပေါ်မှာ ကိုးလလောက် ပျံ့နှံ့နေခဲ့တာကို ကြည့်ရင် ကပ်ရောဂါဆိုးနဲ့အတူ ယှဉ်တွဲပြီးပေါ်လာတဲ့ သတင်းမှားကပ်ဆိုးရဲ့ တွယ်ကပ်နေနိုင်စွမ်းကိုလည်း လျှော့မတွက်သင့်ပါဘူး။ 

၂၀၁၉ ခုနှစ် နှစ်ကုန်မှာ စတင်ဖြစ်ပွားပျံ့နှံ့သွားခဲ့တဲ့ SARS-CoV-2 ကိုအကြောင်းပြုလို့ မဟုတ်မမှန် လုပ်ကြံ သတင်းအချက်အလက်အမှားတွေလည်း မွေးဖွားပြန့်ပွားခဲ့ရာမှာ အဲဒီ မနည်းမနောသတင်းအမှားလှိုင်းတွေရဲ့ ဒဏ်ကနေ အရှေ့တောင်အာရှနိုင်ငံတွေလည်း ပြေးမလွတ်ခဲ့ပါဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှဒေသဟာ ခုနကပြောတဲ့ မုသား အချက်အလက်တွေ အချိန်ကြာကြာပျံ့နှံ့နေနိုင်ခဲ့တဲ့ကိစ္စမှာ တစ်စိတ်တစ်ပိုင်းလည်း တာဝန်ရှိခဲ့ပါတယ်။ ဥပမာပြောရရင် အယ်လ်ကာလိုင်းပါတဲ့ အစားအသောက်ပုံစံတစ်မျိုးဟာ ကိုဗစ်-၁၉ ကို ကာကွယ်နိုင်တယ်၊ ဒါမှမဟုတ် ကုသနိုင်တယ်ဆိုပြီး ဝိုင်းပင့်နေကြတဲ့ Facebook group အများအပြားဟာ ဒီဇင်ဘာလကုန်ပိုင်းလောက်အထိကို အင်ဒိုနီးရှားဘက်ကနေ ဖြန့်ဖြူးနေကြဆဲပါ။ မြန်မာနိုင်ငံဘက်ကနေ တော့ နှစ်ခုလောက် တွေ့ရပါတယ်။ နှစ်ကိုယ်ကြားဖြန့်ဖြူးကြတဲ့ ဆက်သွယ်ရေး အပလီကေးရှင်းတွေမှာ ဘာတွေဘယ်လောက် ပျံ့မယ်ဆိုတာကတော့ မှန်းသာကြည့်ကြပေတော့။

မဟုတ်မဟတ် လျှောက်ရေးထားတဲ့ အဲဒီလုပ်ဇာတ်ဟာ ဆင့်ကဲ ပွားသွားပြီးတော့ တစ်ကမ္ဘာလုံးကို အလျင်အမြန်ပျံ့နှံ့ သွားတဲ့ပုံစံ အထင်အရှားမြင်ရတဲ့ပုံပါပဲ။ ဒါပေမဲ့ အစကနဦး စတင်ဖြန့်ဖြူးရာ “လူနာအမှတ်သုည” နဲ့ ဘယ်က ဘယ်လိုစတင်တယ်ဆိုတဲ့ အမှတ်ကိုရှာဖို့ကတော့ ခက်ခဲလာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချက်အလက် အမှားဟာ အသွင်ပြောင်းသွားပြီးတော့ မူကွဲဆယ့်နှစ်ခုထက်မနည်း မျိုးကွဲထွက်သွားလို့ပါ။ ဘာသာစကား အမျိုးမျိုးနဲ့ ပျံ့နှံ့ပြီး တိုတဲ့အသွင်၊ ရှည်တဲ့အသွင် နှစ်မျိုးလုံးကို မြင်ရပါတယ်။ ဒါ Facebook ကြောင့်လား၊ ဒါမှမဟုတ် Facebook ကပဲ ပိုင်ဆိုင်တဲ့ WhatsApp ကြောင့်ပဲလား။

မည်သို့ပင် ပုံသဏ္ဌာန်ကွဲပါစေ၊ အဓိကပါတဲ့အကြောင်းအရာကတော့ အယ်လ်ကာလိုင်းပါတဲ့ အစားအသောက်ပုံစံအကြောင်းပါပဲ။ 

တစ်။ ။ ၂၀၁၉ ကိုရိုနာဗိုင်းရပ်အသစ်မှာ pH တန်ဖိုး ၅.၅ ကနေ ၈.၅ အထိရှိတယ်။ (pH ဆိုတာ ပျော်ရည်တစ်ခုရဲ့ အက်ဆစ်တန်ဖိုး သို့မဟုတ် ဘေ့စ်တန်ဖိုးဘယ်လောက်ဆိုတာကို တိုင်းတာပါ။)

နှစ်။ ။ အဲဒီ pH အဆင့်တွေထက်ပိုမြင့်တဲ့ အစားအသောက်တွေကို စားသုံးပေးခြင်းဟာ ဗိုင်းရပ်ကို တန်ပြန် နိုင်ပါတယ်။ 

သုံး။ ။ အယ်လ်ကာလိုင်းမြင့်တဲ့ အစားအစာတွေမှာဆိုရင် pH ၉.၉ ရှိတယ်ဆိုထားတဲ့ ရှောက်သီး၊ သံပရာသီး ၉.၂၊ ထောပတ်သီး ၁၅.၆၊ ကြက်သွန်ဖြူ ၁၃.၂၊ သရက်သီး ၈.၇၊ လိမ္မော်သီး ၈.၅၊ နာနတ်သီး ၁၂.၇၊ ဒုဓလီ ၂၂.၇ နဲ့ ကမ္ဗလာ ၉.၂ တို့ပါဝင်တယ်။

အဲဒါတွေ တစ်ခုမှမမှန်ပါဘူး။ မမှန်ကြောင်းကိုလည်း တချို့ဖြန့်စာတွေထဲကအချက်တွေက အသိသာကြီးပါ။ 

အဲဒီပျံ့နေတဲ့အထဲကမှ အရှေ့တောင်အာရှကိုရောက်ရှိခဲ့တဲ့ တစ်ခုမှာဆိုရင် “Journal of Virology, ဧပြီ ၁၉၉၁၊ စာမျက်နှာ ၁၉၁၆” ဆိုပြီး စာပါအချက်ကို ရည်ညွှန်းကိုးကားချက်ပေးထားပါတယ်။ ဒါပေမဲ့ SARS-CoV-2 ဟာ ၁၉၉၁ ခုနှစ်မှာ မပေါ်သေးပါဘူး။ 

အလားတူပဲ၊ နှစ်ပတ်တစ်ကြိမ်ထုတ်တဲ့ အဲဒီသိပ္ပံဂျာနယ်ရဲ့ အပတ်စဉ်တစ်ခုတည်းမှာပဲ ဖော်ပြထားတဲ့ သုတေသန စာတမ်းတစ်စောင်ကို တိုက်စစ်ချက်အရ ဆိုထားတာက ၎င်းဟာ MHV4 သို့မဟုတ် ကြွက်မှာဖြစ်တတ်တဲ့ အသည်းရောဂါပိုးအမျိုးအစား (၄) နဲ့ ပတ်သက်တယ်ဆိုတာပါပဲ။

ဓာတုဗေဒနည်းနည်းပါးပါး သင်ယူဖူးလို့ရှိရင် ပြန်စဉ်းစားကြည့်လို့ရပါတယ်။ pH တန်ဖိုးတွေဆိုတာ သုညကနေ ၁၄ အထိပဲရှိပါတယ်။ အဲဒီတန်ဖိုးတွေထက်ပိုမြင့်တဲ့ တန်ဖိုးတွေ၊ ဥပမာ ထောပတ်သီးက ၁၅.၆၊ ဒုဓလီက ၂၂.၇ လို့ ဆိုထားတဲ့အချက်တွေဟာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

နောက်ထပ် သုတေသနလုပ်ကြည့်မယ်ဆိုရင်လည်း ခုနကပြောတဲ့ ပျံ့နှံ့နေတဲ့စာတွေထဲမှာ ရေးထားတဲ့ pH တန်ဖိုးတွေအားလုံးတွေဟာ မှားယွင်းနေတယ်ဆိုတာကို မြင်ရပါလိမ့်မယ်။ ပိုဆိုးတာက သူတို့ပြောထားတဲ့ အချက်တွေနဲ့ တကယ့်အချက်တွေက ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာပါ။ ရှောက်သီး၊ သံပရာသီး၊ သရက်သီး၊ နာနတ်သီး၊ ကြက်သွန်ဖြူ၊ ကမ္ဗလာနဲ့ လိမ္မော်သီးတွေအားလုံးဟာ အက်ဆစ်ဓာတ်ကဲတဲ့ အသီးအနှံ တွေဖြစ်ပါတယ်။ ထောပတ်သီးဆိုရင် အနည်းငယ် အက်ဆစ်ဓာတ်ရှိပါတယ်။

အယ်လ်ကာလိုင်း အစားအစာတွေကို စားသုံးပေးခြင်းဟာ ခန္ဓာကိုယ်ရဲ့ pH တန်ဖိုးတွေကို လုံးဝပြောင်းလဲ မပစ်နိုင်ပါဘူးလို့လည်း သိပ္ပံပညာရှင်တွေက ပြောပါလိမ့်မယ်။ 

“အခြေခံသိပ္ပံအသိတောင် မရှိတဲ့ နလပိန်းတုံးတွေလောက်ပဲ အဲဒီမဟုတ်က ဟုတ်က အချက်အလက်တွေကို ရေးပါလိမ့်မယ်” လို့ ဝါရင့်သိပ္ပံပညာရှင်တစ်ဦးက အချက်အလက်စစ်ဆေးတဲ့ အိန္ဒိယအဖွဲ့ Fact Crescendo ကိုပြောပါတယ်။

ဒါပေမဲ့လည်း ၂၀၂၀ ဧပြီမှာ ဒီစာပါအချက်အလက်တွေ တအားပျံ့နေချိန်မှာ တခြားကမ္ဘာ့ဒေသတွေနှင့်အတူ အရှေ့တောင်အာရှဒေသလည်း လူးလိမ့်နေအောင်ဒဏ်ခံခဲ့ရပါလိမ့်မယ်။

ပုံပြောင်းသွားခြင်းများ

ဆင့်ပွားပျံ့တဲ့အဲဒီစာဟာ အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်မှာ တစ်မုဟုတ်ချင်း ပျံ့သွားပါတယ်။ အများအားဖြင့် အဲဒီ နှစ်နိုင်ငံစလုံးမှာတွေ့ရတာကတော့ စာသားချည်းသက်သက်အနေနဲ့ဖြစ်ဖြစ်၊ ဓာတ်ပုံပါတဲ့ Facebook status အနေနဲ့ဖြစ်ဖြစ်ပါ။ ဒါ့အပြင် အင်ဒိုနီးရှားမှာဆိုရင် WhatsApp နဲ့ ဖိလစ်ပိုင်မှာဆိုရင် Viber တို့ကနေလည်း ပျံ့ပါတယ်။ Twitter နဲ့ Instagram တို့မှာလည်း ရံဖန်ရံခါတွေ့ခဲ့ရပါတယ်။

လူမှုမီဒီယာစောင့်ကြည့်တဲ့ကိရိယာဖြစ်တဲ့ Crowdtangle ကရတဲ့အချက်အလက်အရ ဧပြီနဲ့ ဇွန်လကြားထဲ မှာကိုပဲ အင်ဒိုနီးရှားက Facebook page ပေါင်း ၅၅၀ လောက်မှာ အဲဒီစာကိုပြန်တင်ကြတာကို တွေ့ရပါတယ်။ အဲဒီ page အားလုံးပေါင်းလိုက်ရင် follow လုပ်ထားသူပေါင်းက သန်း ၄၀ နီးပါးတောင် ရှိတာပါ။ 

Crowdtangle ဆီကရတဲ့အချက်အလက်တွေအရ အဲဒီအဆိုဟာ ဖိလစ်ပိုင်မှာဆိုရင် ခုနက နှစ်လအတွင်း Facebook page ပေါင်း ၃၀ လောက်မှာသာ ပျံ့ခဲ့တယ်ဆိုပေမဲ့ အင်ဒိုနီးရှားထက်စာရင် အသုံးပြုသူတွေရဲ့ တုံ့ပြန်ထိတွေ့နှုန်းက အဆပေါင်းများစွာ ပိုမိုခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ page တစ်ခုမှာတင်လိုက်တိုင်း တုံ့ပြန်ထိတွေ့မှု ပျမ်းမျှ ၃၂ ပဲရှိပေမဲ့ ဖိလစ်ပိုင်မှာတော့ ၃၀၉ ရခဲ့ပါတယ်။ ဖိလစ်ပိုင်က Facebook page တွေဟာ အဲဒီအဆိုပါတဲ့ပို့စ်တွေကို ပျမ်းမျှ ၁၅၅ ကြိမ် ပြန်လည်မျှဝေခဲ့ပြီးတော့ အင်ဒိုနီးရှားကတော့ ၁၄ ကြိမ် မျှဝေခဲ့တာကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အဲဒီပေါက်ကရအချက်အလက်ဟာ မလေးရှား၊ ထိုင်း၊ ကမ္ဗောဒီးယားနဲ့ မြန်မာတို့ကိုလည်း ပျံ့နှံ့ခဲ့ပါတယ်။ အင်ဒိုနီးရှား၊ မလေး၊ ထိုင်း၊ ခမာနဲ့ မြန်မာဘာသာတွေကိုလည်း ပြန်ဆိုဖော်ပြခဲ့ကြပါတယ်။ 

ဒီဒေသရဲ့ပြင်ပကနိုင်ငံတွေကို ကြည့်ရင်လည်း မှားယွင်းတဲ့အဲဒီအချက်တွေကို ဖြန့်ဖြူးတဲ့သူတွေထဲမှာ နိုင်ငံအစိုးရရဲ့ ကျန်းမာရေးအဖွဲ့အစည်း (ပါကစ္စတန်)၊ ပင်မရေစီးသတင်းစာ (တူရကီ)၊ ပြည်တွင်းရုပ်သံလိုင်း (အီကွေဒေါ)၊ လူသိများတဲ့သတင်းထောက်တစ်ဦးနဲ့ ဩဇာညောင်းသူများ (ဗင်နီဇွဲလား)တို့အပြင် တက္ကသိုလ်တစ်ခု (အီသီယိုးပီးယား) တို့တောင်မှ ပါဝင်ပါသေးတယ်။

အရှေ့တောင်အာရှမှာဆိုရင် ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုပုံစံနယ်ပယ်ထဲက လူပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေအပြင် ပြည်တွင်းမီဒီယာဌာအချို့နဲ့ သူတို့ကိုယ်သူတို့ မီဒီယာလို့ဖော်ပြကြတဲ့ အဖွဲ့အစည်းအချို့တောင်မှ အဲဒီ အယ်လ်ကာလိုင်းသတင်းတုကို ဖြန့်ဖြူးခဲ့ကြပါသေးတယ်။ ဖိလစ်ပိုင်မှာဆိုရင်တော့ ဒေသန္တရအဆင့် (ပြည်နယ်၊ မြူနီစပယ်၊ ကျေးရွာ နဲ့ လူငယ်ကောင်စီတွေ) အစိုးရအဖွဲ့ငယ် အချို့ ဒါမှမဟုတ် အရာရှိအချို့ ကလည်း သူတို့ရဲ့ Facebook page တွေ သို့မဟုတ် group တွေကနေတစ်ဆင့် အဲဒီ အကြောင်းအရာကို ထပ်ထပ်ချဲ့ကားဖြန့်ဖြူးခဲ့ကြပါတယ်။

ပြန်လည်မျှဝေသူအများအပြားဟာ ရိုးသားစွာနဲ့ပြုလုပ်မိကြတာပါ။ ဒီအကြောင်းအရာကို မြင်မိသူ/လက်ခံရရှိ သူတွေအနေနဲ့ ကျန်းမာရေးကိုစောင့်ရှောက်နိုင်ပြီး ကိုရိုနာဗိုင်းရပ်ကင်းစင်စေဖို့ ရည်ရွယ်ဖြန့်ဖြူးခဲ့ကြတာပါ။ ဒါပေမဲ့ တချို့ကကျတော့လည်း ဒါကိုအပြောင်အပြက်လုပ်တာပါ။ သာဓကအားဖြင့် Facebook သုံးစွဲသူ တစ်ယောက်ဆိုရင် မက်ဆေ့ချ်ရဲ့အဆုံးမှာ ထောပတ်သီးနဲ့ရှောက် (သို့) သံပရာတို့နဲ့ ပြုလုပ်ရတဲ့ ဂွာကာမိုးလ်လုပ်နည်းကိုတောင် နောက်ဆက်တွဲထည့်သွင်းဖော်ပြပေးခဲ့ပါသေးတယ်။ နောက်တစ်ယောက်က ဆိုရင်လည်း ဒီအခွင့်အရေးကိုသုံးပြီး အဆင့်သုံးဆင့်ပါ ယောဂအသက်ရှူကျင့်စဉ်တစ်ခုကို ကြော်ငြာ လိုက်ပါသေးတယ်။

ဒါပေမဲ့လည်း ဒီကနေမှ ရောင်းစွံသွားကြတာတွေ ရှိလို့လည်း မက်လုံးဖြစ်နေတာပါ။ ဘယ်လိုရောင်းကုန် မျိုးတွေပါလိမ့်။ အယ်လ်ကာလိုင်းခွက်တွေ၊ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အခြား ကုန်စုံတွေ၊ ဖူးခက်က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ အဆန်းထွင်ကော်ဖီတွေ စသည်ဖြင့်ပေါ့။ ဒါအကုန်မဟုတ်သေးပါဘူး။ 

ခုလို လျှောက်ဖြန့်ရခြင်းရဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ၊ ကိုဗစ်-၁၉ လုပ်ကြံသတင်းတွေ၊ အထူးသဖြင့်တော့ တလွဲဆေးကုသမှုတွေရဲ့အန္တရာယ်တွေဟာ တကယ်ရှိနေတဲ့အရာတွေပါ။ အယ်လ်ကာလိုင်း အစားအသောက်ပုံစံတွေအကြောင်း မမှန်ကန်တဲ့အချက်အလက်တွေပေးတဲ့အပြင် ဆင့်ပွားပျံ့နှံ့နေတဲ့ မက်ဆေ့ချ်မှာဆိုရင် တော်တော်များများမှာ ဆေးကုသမှုဆိုင်ရာအကြံပေးချက်တွေတောင် ရောနှောပါဝင်လာတာကို တွေ့ရပါတယ်။ ဥပမာ – ပဋိဇီဝဆေးသောက်ပြီး ဘယ်လိုကုရမလဲ ဆိုတာမျိုးပါ။ 

“လုပ်ကြံသတင်းမှားကပ်ကြောင့် အသက်ဆုံးရတဲ့အထိဖြစ်ရတဲ့ဖြစ်ရပ်တွေ တိုးတိုးလာနေပါတယ်။ နိုင်ငံ အသီးသီးက ပြည်သူတွေဟာ လှည့်ဖြားခံနေရပြီး သိပ္ပံအသိအပေါ်အခြေခံတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို နားမလည်နိုင်၊ မကျင့်သုံးနိုင်ကြဘူး ဖြစ်နေကြပါတယ်။ လူတွေဟာ ဟုတ်လှပြီဆိုပြီးအထင်ရောက်မှုကြောင့် ဖြစ်စေ၊ မှားယွင်းတဲ့ ‘ကုသနည်း’ တွေကြောင့်ဖြစ်စေ အသက်ဆုံးရှုံးနေရပါတယ်” လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ရဲ့ မူဝါဒထုတ်ပြန်ချက်တစ်စောင်မှာ သတိပေးထားပါတယ်။

၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့အထိ ရတဲ့အချက်များအရ SARS-CoV-2 ဗိုင်းရပ်ကူးစက်ခံရသူပေါင်းဟာ တစ်ကမ္ဘာလုံးမှာ ၈၅ သန်းကျော်သွားပြီဖြစ်ပါတယ်။ သေဆုံးသူပေါင်းကတော့ ၁ ဒသမ ၈ သန်းကျော်မှာ ရှိပါတယ်။

အယ်လ်ကာလိုင်း အစားအစာအကြောင်း လျှောက်ပြောထားတဲ့အကြောင်းအရာတွေကို လူတွေဆက်ယုံကြည် နေကြတယ်ဆိုရင်လည်း ဒါဟာ မူလရေးသားသူတွေနဲ့ ဖြန့်ဖြူးသူတွေရဲ့ ပရိသတ်အကြိုက်လိုက် ရေးသားဖန်တီး နိုင်စွမ်းကြောင့်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ 

ဥရောပနဲ့ တောင်အမေရိကတိုက်တွေမှာတော့ ခုနကအကြောင်းအရာကို လူတွေယုံကြည်အောင်လို့ ဆိုပြီး“ကျွမ်းကျင်သူတွေ” ကိုတောင် ထည့်သွင်းကိုးကားထားပါတယ်။ တကယ်ရှိတဲ့သူတွေလည်း ပါသလို တကယ်မရှိတဲ့သူတွေလည်း ပါပါတယ်။ အဲဒီ ကိုးကားခံ ကျွမ်းကျင်သူဆိုသူတွေကတော့ မက္ကဆီကို ပုဂ္ဂလိကတက္ကသိုလ်တစ်ခု (တကယ်ရှိ)၊ သိပ္ပံဂျာနယ် နောက်တစ်စောင် (တကယ်ရှိ)၊ မော်စကိုရှိ ရောဂါပိုးမွှားဗေဒဌာနတစ်ခု (တကယ်မရှိ)၊ အမေရိကန်နိုင်ငံရှိ ကူးစက်ရောဂါဆေးကုခန်းအကြီးအကဲ (တကယ်မရှိ) တို့ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာတော့ အထူးသဖြင့် တိုတဲ့ပို့စ်တွေမှာ ကျွမ်းကျင်သူအမည်တွေဖော်ပြတာ၊ နာမည်ဖော် ထုတ်တာမျိုး လုပ်ခဲပါတယ်။ ရောဂါပိုးမွှားဗေဒဂျာနယ် (Journal of Virology) ကို ကိုးကားထားတဲ့ တစ်ခုက လွဲရင်ပေါ့။ များသောအားဖြင့်တော့ အဲဒီပို့စ်တွေ ကိုးကားတာက “ယူကေနိုင်ငံမှ GP (အထွေထွေကု) သူနာပြုတစ်ဦး” (ဖိလစ်ပိုင်မှာ ပျံ့တဲ့ပို့စ်အချို့မှာတော့ “ယူကေနိုင်ငံရှိ ဖိလစ်ပိုင်လူမျိုး သူနာပြုတစ်ဦး” ဆိုပြီး ဖြစ်သွား)၊ “ဆေးရုံမှဆင်းခွင့်ရခဲ့သည့် သက်သာလာသည့်လူနာများ”၊ ဒါမှမဟုတ် “သီးသန့်ခွဲထားသည့် ဆေးရုံမှ မိတ်ဆွေတစ်ဦး” ဆိုပြီး ခပ်ရိုးရိုးပဲရေးထားကြပါတယ်။ ဒါတောင်မှ အဲဒီအကြောင်းအရာပါ အဆိုဟာ အားကောင်းမောင်းသန် ပျံ့သေးတာပါ။

အသေအချာပြောရရင်တော့ အယ်လ်ကာလိုင်း လုပ်ဇာတ်ဟာ ကမ္ဘာတစ်ဝန်းက အချက်အလက် စစ်ဆေးသူတွေကို အလုပ်ရှုပ်သွားစေခဲ့ပါတယ်။ 

အစောဆုံးပေါ်ထွက်ခဲ့တဲ့ အချက်အလက်စစ်ဆေးသူတစ်ဦးကတော့ အီကွေဒေါနိုင်ငံကပါ။ သူက ဖေဖော်ဝါရီလ ကုန်ခါနီးမှာ ထွက်ပေါ်လာတာပါ။ အနည်းဆုံး အချက်အလက်စစ်တဲ့ အဖွဲ့အစည်း သို့မဟုတ် ရှေ့ဆောင်အဖွဲ့ အနည်းဆုံး ၃၀ လောက် (သူတို့ထဲက အများဟာ အမေရိကန်ပြည်ထောင်စုအခြေစိုက် အပြည်ပြည်ဆိုင်ရာ အချက်အလက်စစ်ဆေးရေးကွန်ရက်၏ အသိအမှတ်ပြုအဖွဲ့ဝင်များ) ဟာ အဲဒီ အချိန်ကစလို့ ခုနကသတင်းအမှားကို အမှားသက်သေထူခဲ့ကြပါတယ်။ အဲဒီလူတွေထဲမှာ အရှေ့တောင် အာရှက အချက်အလက်စစ်ဆေးသူတွေလည်း ပါဝင်ပါတယ်။ အင်ဒိုနီးရှားက Tempo နဲ့ Liputan6၊ ဖိလစ်ပိုင်က Rappler နဲ့ Vera Files၊ ထိုင်းက Sure and Share၊ မလေးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့က Agence France-Presse ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဘယ်လောက်ပဲ မှားကြောင်းသက်သေပြစေကာမူ အဲဒီအကြောင်းအရာဟာ အကြိမ်ကြိမ် ပြန်ပေါ်လာနေတာမို့ အချက်အလက်စစ်ဆေးသူအချို့ဟာ သူတို့စစ်ဆေးထားတဲ့အချက်တွေကို ပြန်တင်ရတာ သို့မဟုတ် ထပ်ဖြည့်ရတာ၊ ဒါမှမဟုတ် အသစ်တွေလုံးလုံး ထပ်ရေးတင်ရတာကို လုပ်ရပါတယ်။ အာဂျင်တီးနားရဲ့ Chequeado ဆိုရင် အဲဒီအချက်အလက် မဟုတ်ကြောင်း လေးကြိမ်တိတိ သက်သေပြခဲ့ရ ပြီးပါပြီ။ Taiwan Fact Check Center ဆိုရင်လည်း အချက်အလက်စစ်ဆေးမှုအဖြေတစ်ခုတည်းကိုပဲ သူတို့ရဲ့ Facebook စာမျက်နှာမှာ သုံးကြိမ်တိတိတင်ပြခဲ့ပြီးဖြစ်သလို အဲဒါနဲ့ဆက်စပ်တဲ့ နောက်ထပ် သက်သေပြချက်ကိုလည်း နှစ်ကြိမ်တင်ခဲ့ရပြီးပါပြီ။

မုသားက ပျံ့နှံ့မှုပိုမြန်

အခြားအခြားသော လုပ်ကြံသတင်းမှားတွေမှာတုန်းကလိုပဲ ဒီ အယ်လ်ကာလိုင်း လုပ်ဇာတ်ကိုကြည့်ရင်လည်း မုသားဟာ အမှန်တရားထက် ပျံ့တာပိုမြန်ရုံမက လူပိုစိတ်ဝင်စားမှုလည်း ရတယ်ဆိုတဲ့အချက်ဟာ သေချာ လာပါတယ်။ 

တူရကီမှာဆိုရင် အချက်အလက်စစ်ဆေးမှုရလဒ်ကို ထုတ်ပြန်လိုက်ချိန်မှာ ၂၃ ကြိမ်ပဲ မျှဝေကြပေမဲ့ သတင်းမှားကတော့ အကြိမ်ပေါင်း ၂၃,၀၀၀ မျှဝေပြီးသားဖြစ်နေပါပြီ။ ဖိလစ်ပိုင်နိုင်ငံက အချက်အလက် စစ်ဆေးမှုရလဒ်ကို ၁၄၁ ကြိမ် မျှဝေကြပေမဲ့ အမှားပို့စ်ကတော့ အကြိမ်ပေါင်း ၂,၂၀၀ မျှဝေပြီးပါပြီ။ နောက် တစ်ခုကတော့ အမှားပို့စ်ကို အကြိမ် ၅၀၀၀ မျှဝေထားတာနဲ့ အမှားတိုက်ဖျက်တဲ့ပို့စ်ကို ၅၈ ကြိမ် မျှဝေထား တာနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။

သတင်းတု၊ သတင်းမှားတွေကို အချက်အလက်စစ်ဆေးတိုက်ဖျက်ရတဲ့ အလုပ်ဟာ ဒေးဗစ်နဲ့ ဂိုးလိယတ် ရင်ဆိုင်ရသလိုပါပဲ။ ဒါပေမဲ့လည်း ဒါဟာ လူအများအပြားအတွက် စားသုံးစရာသတင်းအတုသတင်းအမှား ရေစီးကြီးဖြစ်လာနေတဲ့အရာကြီးကို ရှင်းလင်းပစ်ရေး လုပ်သင့်လုပ်ထိုက်တာတွေ ဝင်လုပ်ကြဖို့အတွက် ပြင်းထန်တဲ့တောင်းဆိုသံလည်း ဖြစ်ပါတယ်။ 

(*Yvonne T Chua သည် သတင်းသမားတစ်ဦးလည်းဖြစ်သလို University of the Phillippines တွင် အချက်အလက်စစ်ဆေးမှု အကြောင်းသင်ပြသည့် တွဲဖက်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ ယခု ဆောင်းပါးသည် #fighttheinfodemic ဟုခေါ်သည့် Reporting ASEAN အခန်းဆက်ဆောင်းပါးများအနက် တစ်ပုဒ်ဖြစ်သည်။) 

Leave a Comment

© 2023 Reporting ASEAN – Voices and views from within Southeast Asia. All Rights Reserved.

Scroll to top