“ဝမ်းနည်းပါတယ်ပြောရုံမျှနဲ့ မလုံလောက်ဘူး” (ရိုဟင်ဂျာတစ်ဦးဖြစ်ရခြင်း)
ဘန်ကောက်၊ ၂၅ ဩဂုတ်
Read in English
ခရီးရှည်ကြီးတစ်ခုသည် ထိုင်းတွင် တစ်နှစ်ကျော်ကြာမြင့်ခဲ့သည်။ ထို့နောက် မလေးရှားတွင် ကိုးနှစ်နီးပါး။ နယူးဇီလန်တွင် နှစ်နှစ်ခွဲ။ ၎င်းသည် ဟက်ဖ်ဆာ တာမီဆူဒင်၏ ခရီးရှည်ဖြစ်သည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မွေးရပ်ဌာနီမှ ပင်လယ်ကို ဖြတ်၍ထွက်ခဲ့ရသော ခရီးထက်ပိုသော၊ ဘဝမျိုးစုံတွင်ကျင်လည်ခဲ့ရသော ဘဝခရီးရှည်လည်း ဖြစ်သည်။ ၎င်းသည် မွေးဇာတိမှာတုန်းက အနာဂတ်မရှိသော ရိုဟင်ဂျာတစ်ဦးဘဝ၊ ဘေးကင်းပြီဆိုသော်လည်း အလုပ်လုပ်ခွင့်မရခဲ့သော ခိုလှုံခွင့်လျှောက်ထားသူတစ်ဦးဘဝမှသည် ယခု နယူးဇီလန်နိုင်ငံ၌Social Work ဘာသာရပ်ဖြင့် ဘွဲ့ယူရန်ပညာသင်ယူနေသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဘဝဖြစ်သည်။
“ကျမ အသက်အရွယ်မှာ တကယ်လုပ်နေသင့်တာကတော့ ပါရဂူဘွဲ့အတွက်ပေါ့နော်။ ဒါပေမဲ့ ရိုးရိုးဘွဲ့ အတွက်အပဲ အခုလုပ်နေရတယ်” ဟု အသက် ၃၈ နှစ်အရွယ် ဟက်ဖ်ဆာက ပြောသည်။ တစ်ချက် ရယ်မလို ဖြစ်လိုက်သော်လည်း သူ့မျက်နှာက အလေးအနက်ပုံပေါက်သည်။ “အခုလို ဖြစ်ရတာက ကျမ စာညံ့လို့ မဟုတ်ပါဘူး။ ဉာဏ်မကောင်းလို့ မဟုတ်ပါဘူး။ ကျမက ဉာဏ်ကောင်းပြီးသားပါ။ အခုလိုဖြစ်ရတာက အရင်တုန်းက ကျမမှာ ပညာရေးအတွက် အခွင့်အရေးမရခဲ့လို့ပါ။”
ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့သည် ခုနစ်သိန်းကျော်သော ရိုဟင်ဂျာများ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးခဲ့ရခြင်း လေးနှစ်ပြည့်သောနေ့ဖြစ်သည်။ ၂၀၁၇ ခုနှစ် ထိုနေ့တွင် ရိုဟင်ဂျာတို့အပေါ် မြန်မာ ရဲနှင့်စစ်တပ်တပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မုဒိမ်း ပြုကျင့်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြသည်။ ရဲကင်းစခန်းများ တိုက်ခိုက်ခံခဲ့ရခြင်းအတွက် လက်စားချေ တုံ့ပြန်ခြင်း ဖြစ်သည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ဒုက္ခသည်ပေါင်း ၈၆၇,၀၀၀ ရှိပြီး အများစုမှာ ရိုဟင်ဂျာများဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေခြင်း တို့ကြောင့် ရိုဟင်ဂျာအရေးကိုပြေလည်စေမည့် နည်းလမ်းများနှင့် ပိုအလှမ်းဝေးသွားပြီဟု ဟက်ဖ်ဆာက ဆိုသည်။ ထို့အပြင် နှစ်ကာလရှည်ကြာအောင် ထပ်တလဲလဲ ဖြစ်နေသောအမှားများကို မြန်မာ၊ အရှေ့တောင်အာရှနှင့် တစ်ကမ္ဘာလုံးက ဖြေရှင်းရန် “ပျက်ကွက်” နေသည်ဟုလည်း သူက ပြောသည်။ နိုင်ငံများက လက်ခံသည့် ဒုက္ခသည်အရေအတွက်မှာ ကမ္ဘာ့ဒုက္ခသည်ဦးရေပေါင်း၏ ၁ ရာခိုင်နှုန်းပင် မရှိပေ။ ထိုအချိန်တွင် ရွှေ့ပြောင်း အခြေချခွင့်ရသည့် ရိုဟင်ဂျာဦးရေမှာ မြန်မာနိုင်ငံ၏ ကျန်လူမျိုးစုဦးရေထက် များစွာလျော့နည်းနေသည်။

ယခု ဆွေးနွေးခန်းတွင် ဟက်ဖ်ဆာက အခွင့်အရေးများဆုံးရှုံးနေရသော အသိုင်းအဝိုင်းတစ်ခုဝင်ဖြစ်ရသည့် ဘဝ၊ ကိုယ်ပိုင်ဝိသေသလက္ခဏာများ ဖျောက်ဖျက်ခံနေရပြီး ပညာရေးလိုမျိုး အခြေခံဘဝလက်စွဲတန်ဆာများ လက်လှမ်းမမီရသော ဘဝအကြောင်းကို Reporting ASEAN မှ ဂျိုဟန်နာ ဆင်ကို ပြောပြထားသည်။
မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရိုဟင်ဂျာတို့ခံစားခဲ့ရသည့် မတရားမှုများကို အသိအမှတ် ပြုကြောင်းပြောကြားခြင်းကို ကြိုဆိုသည်ဟု ဟက်ဖ်ဆာက ပြောသည်။ သို့သော် ရိုဟင်ဂျာတို့ သည် နောင်လာမည့်အစိုးရတစ်ရပ်လက်ထက်တွင် ကျန်မြန်မာနိုင်ငံသားများနည်းတူ အခွင့်အရေးပြည့်ပြည့်ဝဝ ရရှိရန်လိုအပ်သည်ဟုလည်း ဆက်ပြောသည်။
စကားပြောပွင့်လင်း၍ ရံဖန်ရံခါ ပြောနေရင်း ခံစားချက်ပါပါလာတတ်သော ဟက်ဖ်ဆာသည် သူ၏ မျိုးရိုးဇာတိကိုတော့ ပွင့်ပွင့်လင်းလင်းပြောပြသူဖြစ်သည်။ “ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျမကိုယ်ကျ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာလို့ပဲ ပြောတယ်။ နှစ်ခုစလုံးဟာ ကျမနဲ့ဆိုင်တဲ့အရာတွေပဲ။ မြန်မာက ကျမ နိုင်ငံ။ ရိုဟင်ဂျာကတော့ ကျမ ရဲ့လူမျိုးပေါ့။”
Reporting ASEAN အယ်ဒီတာ/တည်ထောင်သူ ဂျိုဟန်နာ ဆင် – မြန်မာနိုင်ငံပြည်သူတွေက ပြောလာကြ တယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာတွေကို သူတို့သိလာကြပါပြီတဲ့။ တကယ်ပဲ ပြောင်းလဲလာတော့ မယ်လို့ ရှင်ခံစားရလား။
ဟက်ဖ်ဆာ – ရိုဟင်ဂျာတွေရဲ့ တည်ရှိမှုကိုလက်ခံသလို ရိုဟင်ဂျာကိစ္စကို စားပွဲဝိုင်းမှာ ကျကျနနဆွေးနွေးဖို့ စဉ်းစားနေသူတွေNUG ထဲမှာ ရှိပါတယ်။ ကျမတို့ကို အသိအမှတ်ပြုတဲ့စကားသံတွေတော့ ဟိုနား သည်နား ကနေ ကြားရတာပေါ့လေ။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်း နှစ်ခုကတော့ ‘ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေအတွက် စိတ်မကောင်းပါဘူး’ လို့ ထုတ်ပြောလာပါတယ်။ ဒါပေမဲ့လည်း တစ်နိုင်ငံလုံးခြုံကြည့်မယ်ဆိုရင်တော့ တအားကြီး ကံသေကံမပြောလို့ရပြီလို့ မဆိုရဲသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအုပ်ချုပ်ခဲ့တဲ့ အချိန်ငါးနှစ်အပါအဝင် စစ်အာဏာရှင် အုပ်စိုးခဲ့တဲ့ တစ်လျှောက်လုံး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ရက်စက်မှုတွေအကြောင်းကို တစ်ခါမှ ဝန်ခံတာ၊ အသိအမှတ်ပြုတာမျိုး မရှိခဲ့ဖူးလို့ပါ။
နောက်ပြီး အစိုးရဘက်ကတင်မက အများပြည်သူတွေကြားထဲမှာလည်း Facebook တို့ YouTube တို့မှာ ကောလာဟလတွေ ရှိခဲ့ပါတယ်။ ဆိုပါစို့။ ရိုဟင်ဂျာတွေက သူတို့အိမ်သူတို့ မီးပြန်ရှို့တယ်။ အစိုးရက ရှို့သယောင် ဖန်တီးတယ်။ ဒါမှာ နိုင်ငံတကာက ဝိုင်းသနားတာကို ခံရမှာ စတဲ့ မဟုတ်ကဟုတ်က ထူးထူးဆန်းဆန်းတွေပေါ့။
ကျမတို့တိုင်းပြည်မှာ ရိုဟင်ဂျာတွေကို စနစ်တကျနဲ့ သီးသန့်ဖယ်ထုတ်ထားတာ၊ လူတွေကို မှိုင်းတွေရိုက်သွင်း ထားတာတွေဟာ ဟိုးရှေးပဝေသဏီကတည်းကပါပဲ။ ကျမအနေနဲ့ကတော့ NUG အဖွဲ့ဝင်နှစ်ယောက်က ဝမ်းနည်းပါတယ်ပြောရုံ၊ အရပ်ဘက်အဖွဲ့နှစ်ဖွဲ့လောက်က ‘ရိုဟင်ဂျာတွေ ဘယ်လိုခံစားခဲ့ရသလဲ ခုတော့ သိပါပြီ၊ စိတ်မကောင်းပါဘူး’ လို့ ပြောရုံနဲ့တော့ အားလုံးအဆင်ပြေသွားမယ်လို့ ထင်ရင် လက်တွေ့ကျမယ့် မထင်ပါဘူး။ ရှေ့ဆက်ရမယ့်ခရီးရှည်ကြီး ကျန်ပါသေးတယ်။ ဒါပေမဲ့လည်း အပြောင်းအလဲတချို့တော့ ရှိလာပါတယ်။
ကျမတို့ (ရိုဟင်ဂျာတွေ) ကြုံခဲ့ရတာမျိုးနဲ့ကြုံရတဲ့ တခြားသော မျိုးနွယ်စုတစ်စုစုဟာ ဒီကြမ္မာဆိုးတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး နိုင်ငံအသီးသီးမှာ ကျမတို့လို ဆက်လက် တောက်ပနိုင်မလားဆိုတာ ကျမ မသိပါဘူး။
ဒါဟာ လူထုရဲ့ပြန်လည်နိုးကြားလာမှုအတွက် အကောင်းဆုံးအခွင့်အရေးလို့ မထင်ဘူးလား။
ဟက်ဖ်ဆာ – ဒါကတော့ ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးကဏ္ဍမှာ ဘာအပြောင်းအလဲတွေ ဖြစ်လာမလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ အခုလောလောဆယ် မြန်မာပြည်သူတွေကို အကာအကွယ်ပေးမဲ့ အရပ်သားအစိုးရ တစ်ရပ် မရှိဘူးဖြစ်နေတယ်။ အကုန်လုံးက ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်။
မကြာခင်လေးကမှ ရခိုင်က ရိုဟင်ဂျာတချို့နဲ့ ကျမ စကားပြောခွင့်ရခဲ့ပါတယ်။ သူတို့ဆိုရင် အခု မြန်မာအစိုးရ (မြန်မာစစ်တပ်) ရဲ့ ဖိနှိပ်မှုကိုသာ ကြောက်ရတော့တာမဟုတ်ဘဲ ရက္ခိုင့်တပ်တော်ဆိုတဲ့ အေအေကိုပါ ကြောက်ရတော့မယ့် အနေအထားပါ။ အခုက တိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ ဒါမှမဟုတ် ကာကွယ်ပေးနေတဲ့ အစိုးရသတ်သတ်မှတ်မှတ် မရှိဘူး။ လက်နက်ရှိတဲ့သူက အာဏာရှိတာပဲ။
ရှင်တို့ကို ကန့်သတ်ထားတဲ့ဥပဒေတွေ၊ အထူးသဖြင့် မှတ်ပုံတင်ထုတ်ပေးတဲ့စနစ်ရဲ့ ခွဲခြားမှုတွေအရ ပြောရင် ရခိုင်မှာနေနေရတဲ့ နေ့စဉ်ဘဝက ဘယ်လိုဖြစ်မလဲ။
ဟက်ဖ်ဆာ – ရိုဟင်ဂျာတွေ တစ်ခုခုဖြစ်လို့၊ တရားရေးအဖွဲ့အစည်းဆီသွားတဲ့အခါ ကိုယ်မှားမှား မှန်မှန် အကာအကွယ်မရပါဘူး။ တစ်အချက်က ကျမတို့ဟာ နိုင်ငံမဲ့ဖြစ်နေလို့ပါ။ သည်နိုင်ငံထဲမှာဆိုရင် ကျမတို့ဟာ နိုင်ငံမဲ့ဘဝကို ကျရောက်သွားအောင်ပြုခံခဲ့ရသူတွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ကျမတို့ဟာ မြန်မာနိုင်ငံသားတွေ မဟုတ်လို့ပါပဲ။ ဒုတိယအချက်က ရိုဟင်ဂျာတွေအပေါ် လူမျိုးရေး မုန်းတီးမှုပါ။ ကိုယ်မှန်နေတယ်ထားဦး၊ ကိုယ့်ဘက်ကရပ်တည်ပေးမဲ့ တရားစီရင်ရေးမရှိပါဘူး။ အရှင်းဆုံး ဥပမာပေးရရင် ရိုဟင်ဂျာတွေ တစ်မြို့နယ်က တစ်မြို့နယ်ကို ခရီးသွားရင် ခရီးသွားတဲ့အတွက်ကိုပဲ ထောင်ခုနစ်နှစ်ချခံရပါတယ်။ ဘယ်လိုဥပဒေမျိုးက ကိုယ့်နိုင်ငံထဲကိုယ်ခရီးသွားတဲ့လူတစ်ယောက်ကို ခုလို ပြစ်ဒဏ်ပေးရတာလဲ။
ရခိုင်ပြည်နယ်ပြင်ပ ခရီးသွားတာကို ပြောတာလား။
ဟက်ဖ်ဆာ – ရခိုင်ပြည်နယ်ပြင်ပမှရယ် မဟုတ်ဘူး။ ကိုယ်မွေးတဲ့မြို့နယ်ရဲ့အပြင်ကို ခရီးသွားရင်၊ ည အိပ်ညနေ သွားမိရင်ကို ကြုံရတာပါ။ ကျမအနေနဲ့ သင်္ဘောစီးရင်း၊ လှေစီးရင်းကိုပဲ ပေးမသွားတာမျိုး အကြိမ်ကြိမ် ကြုံဖူးပါတယ်။ ကျမှာ မှတ်ပုံတင်အထောက်အထားမပါလို့ဆိုပြီး သွားလို့လာလို့မရခဲ့ပါဘူး။ တခြားလူတွေ ရှေ့မှာ ကျမတို့ စိတ်ညစ်ရစိတ်ပျက်ရတယ်။ ကိုယ့်ပြည်နယ်ထဲ၊ ကိုယ့်နိုင်ငံထဲ ခရီးသွားရုံသက်သက်နဲ့ပဲ ကျမတို့အပေါ် စွဲချက်တွေတင်တာခံခဲ့ရတယ်။ ကျမတို့တွေ ဖိနှိပ်ခံရတယ်၊ ဖယ်ကြဉ်ခံရတယ်ဆိုတာ ဒါလိုမျိုးတွေပါပဲ။
ရိုဟင်ဂျာအရေးနဲ့ မြန်မာနိုင်ငံမှာအရပ်သားအုပ်ချုပ်ခွင့်ရဖို့အရေး သို့မဟုတ် စစ်မှန်တဲ့ဒိမိုကရေစီအရေး နှစ်ခုကို ခွဲလို့မရဘူးလို့ပြောကြပါတယ်။ လက်ခံပါသလား။
ဟက်ဖ်ဆာ – ဟုတ်ပါတယ်။ ဒီနှစ်ခုက အပြန်အလှန်ဆက်စပ်ပူးချည်နေပါတယ်။ အခုဆိုရင် NUG ကနေ ‘ဟုတ်ပြီ၊ ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေကို အသိအမှတ်ပြုတယ်’ ပြောပါစေဦး၊ သူတို့ကိုယ်တိုင်က ခုမှ အာဏာကိုလက်ဝယ်ရဖို့၊ တိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရဖို့ လုံးပန်းနေရဆဲဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိတ်မကောင်းပါဘူး ပြောရုံထက်ပိုပြီး ဘာမှမလုပ်နိုင်ပါဘူး။ အရပ်သားအစိုးရ အာဏာပြန်ရလာခဲ့ရင်တော့ ရိုဟင်ဂျာအရေးဖြေရှင်းရာမှာ တိုက်ရိုက်သိသာ ထင်ရှားလာပါလိမ့်မယ်ဆိုတာ သေချာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ သိပ်ပြီးဘာမှ မလုပ်နိုင်ခဲ့ဘူး …
ဟက်ဖ်ဆာ – အရင်လို မွဲပြာပုဆိုးအစိုးရမျိုးတော့ ပြန်မရချင်တော့ပါဘူး။ ကျမ ငယ်ငယ်ဆိုရင် ကျမအဖေက ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့အနေနဲ့ ရေဒီယိုအမြဲတမ်းနားထောင်တာ မှတ်မိပါသေး တယ်။ ရိုဟင်ဂျာတိုင်းက (ဒေါ်အောင်ဆန်းစုကြည်ကို) ယုံကြည်ကြတယ်။ သူဟာ မျှော်လင့်ချက်ရောင်ခြည်ပဲ လို့ ယုံကြည်ကြတယ်။ နောက်တော့ သူက ကျမတို့ကို မျက်နှာလွှဲတာပါပဲ။ သည်တစ်ခါတော့ ရိုဟင်ဂျာကို အသိအမှတ်ပြုပါတယ်လို့ သူတို့ဘာပဲ ပြောပြော မြန်မာနိုင်ငံက လူနည်းစုလူမျိုးစုအားလုံးကို လွှမ်းခြုံနိုင်တဲ့ တကယ့်အစိုးရကိုမြင်ရဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာအပါအဝင်ပေါ့။
ရိုဟင်ဂျာအရေးဆောင်ရွက်သူတွေ ပြောတာ ကြားဖူးတယ်။ ဘယ်သူပဲဖြစ်ဖြစ် ရိုဟင်ဂျာတွေကို သစ္စာဖောက်တယ်ပေါ့။ လက်ခံပါသလား။
ဟက်ဖ်ဆာ – ကျမကတော့ ‘ပျက်ကွက်တယ်’ လို့ပဲသုံးချင်ပါတယ်။ အာဆီယံအပါအဝင် အားလုံးဟာ ကျမတို့ အပေါ် ပျက်ကွက်ခဲ့ကြပါတယ်။ အာဆီယံကလည်း တစ်ခါလာ သူတစ်ပါးပြည်တွင်းရေးဝင်မစွက်ရေး မူဝါဒ။ ကုလသမဂ္ဂကလည်း တစ်ခါလာ လူ့အသက်ဆုံးရှုံးရလို့ မည်မျှဝမ်းနည်းရကြောင်း စာတွေထုတ်မယ်။ ၂၀၂၀ တုန်းက လည်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းပင်လယ်တွေကြား မျောနေတဲ့ရိုဟင်ဂျာလှေတွေက ကမ်းကပ်ဖို့ ကြိုးစားကြတယ်။ သူတို့ဟာ သွေးပျက်ချောက်ချားစရာ အစုအပြုံလိုက်သတ်ဖြတ်မှုကြီးကနေ လွတ်လာကြတာ။ ဒါတောင် သူတို့ကို ဆိုင်ရာနိုင်ငံတွေက ပြန်တွန်းလွှတ်ခဲ့ကြတယ်။
ဘယ်မှာလဲ လူသားဆန်မှု။ ဘယ်မှာလဲ လူလူချင်းစာနာမှု။ ဘာမှမရှိဘူး။ ကျမတို့မှာ ဘယ်သူ့မျက်နှာကို ကြည့်ရမလဲ မသိဘူး။ ကျမတို့ မူလဇာတိနိုင်ငံမှာလည်း အကာအကွယ်မရခဲ့ဘူး။ ဆိုတော့ ကျမတို့မှာ ပြေးစရာ မြေမရှိဘူး။ ရိုဟင်ဂျာတွေရဲ့အသက်တွေဟာ ဖွဲနဲ့ဆန်ကွဲတွေလိုပဲ။ လူတွေ ဘယ်လောက်ပဲ သေသေ၊ ဒါဟာ အစီရင်ခံစာမှာပါမယ့် ကိန်းဂဏန်းတစ်ခုမျှသာပဲ။ လူတွေကလည်း ‘စိတ်မကောင်းဘူး’ ပြောပြီး ပြီးသွားကြတာပဲ။ ဒါလောက်နဲ့မရပါဘူး။ လူ့အသက်နဲ့ပတ်သက်လာရင် စိတ်မကောင်းပါဘူး ပြောရုံမျှနဲ့ မလုံလောက်ပါဘူး။
ရှင်တို့ဟာ နိုင်ငံမဲ့နေကြတာမဟုတ်ဘူး၊ နိုင်ငံမဲ့အောင်အလုပ်ခံထားရတာလို့ ရှင်ခုနက ပြောခဲ့တယ်နော်။
ဟက်ဖ်ဆာ – ကျမတို့ သည်နိုင်ငံမှာ နေလာခဲ့တာ ဆယ်စုနှစ်ပေါင်းများလှပါပြီ။ အတိအကျမပြောနိုင်ပေမဲ့ ၁၇ ရာစု လောက်ကတည်းက နေလာခဲ့ကြတာပါ။ ဆိုတော့ လွန်ခဲ့တဲ့နှစ်ရာနဲ့ချီကာလကတည်းက ကျမတို့ သည်ကို ရွှေ့ပြောင်းအခြေချခဲ့ကြတာ၊ ကျမတို့ရဲ့ ဘိုးဘေးကြီးတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းရာမှာ ကျန်တဲ့နိုင်ငံသူနိုင်ငံသားတွေနဲ့ ရင်ပေါင်တန်းပြီးတိုက်ပွဲဝင်ခဲ့ကြတာ။ ကျမတို့ သည်နိုင်ငံမှာ သက်တမ်းဘယ်လောက်ကြာခဲ့ကြပြီလဲဆိုတာ အဖြေပါပဲ။ ကျမတို့ဟာ သည်နိုင်ငံရဲ့ တင်းပြည့်ကျပ်ပြည့် နိုင်ငံသားတွေပါပဲ။ ကျမတို့ကို ကျန်တိုင်းရင်းသားများနည်းတူ အခွင့်အရေးတန်းတူပေးမယ်လို့ ကတိပေးခဲ့ ကြပေမဲ့ လွတ်လပ်ရေးရပြီးနောက်မှာ မြန်မာအစိုးရအဆက်ဆက်က ကတိဖျက်ခဲ့ကြတယ်။
ကျမတို့ဟာ မှတ်ပုံတင်ကတ်ကိုပဲ ပုံစံအမျိုးမျိုးနဲ့ကိုင်ကြရတယ်။ ကျမတို့ အဘေးတွေတုန်းက အစိမ်းရောင် ကတ် ကိုင်ရတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက ပန်းရောင်ကတ် ကိုင်ရတယ်။ အဲသည်မှာတင် အခွင့်အရေး တန်းတူမရဖြစ်တာပဲ။ ၁၉၈၂ မှာ နိုင်ငံသားဥပဒေကိုပြင်တယ်။ ရိုဟင်ဂျာတွေကို တိုင်းရင်းသားစာရင်းကနေ ပယ်ဖျက်တယ်။ ကျအပါအဝင် ၁၉၈၂ နောက်ပိုင်းမွေးတဲ့သူတွေဟာ နိုင်ငံမဲ့အဖြစ်ကို အလိုအလျောက် ရောက်သွားတော့တယ်။ အဲသည်မတိုင်ခင်က ကိုင်ခဲ့ရတဲ့မှတ်ပုံတင်ကတ်တွေဟာ အမျိုးသားမှတ်ပုံတင် ကတ်တွေသာ ဖြစ်ပြီး နိုင်ငံသားကတ်မဟုတ်ဘူးလို့ ဆိုကြပြန်ရော။ အဲသည်ကတ်ပေါ်မှာ ရိုဟင်ဂျာ သို့မဟုတ် မွတ်စလင်လို့ ရေးထားတာနဲ့ သူဟာ အခွင့်အရေးအတော်များများ ဆုံးရှုံးလိုက်ရတာပါပဲ။ ဥပဒေ အကာအကွယ် မရတော့ဘူး။ ခရီးသွားခွင့်မရတော့ဘူး။ အစိုးရဝန်ထမ်း လုပ်ခွင့်မရတော့ဘူး။
ရှင့်ရဲ့လူကြီးမိဘတွေက ရှင်တို့ရဲ့သမိုင်းကြောင်း၊ ဝိသေသတွေနဲ့ပတ်သက်လို့ ဘာတွေပြောခဲ့သလဲ။
ဟက်ဖ်ဆာ – ကျမတို့ ဘိုးဘေးတွေဆီကနေ ကျမတို့ကြားခဲ့ဖူးတာတော့ ကျမတို့ဟာ ကျန်တဲ့လူမျိုးစုတွေနဲ့ ဘယ်လောက်ငြိမ်းငြိမ်းချမ်းချမ်း နေခဲ့ကြတယ်ဆိုတဲ့အကြောင်းပေါ့။ ရိုဟင်ဂျာတွေအများစုက လယ်ယာပဲ လုပ်ကိုင်ကြတယ်။ ပြီးရင်ကုန်ရောင်းကုန်ဝယ်ပေါ့။ အဲသည်လိုနေလာရင်းမှ ရိုဟင်ဂျာတွေကို သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေစလာခဲ့ကြတာပဲ။ အဘိုးအဘွားတွေခေတ်တုန်းကဆို သူတို့ကိုဘယ်သူကမှအကာအကွယ် မပေးတာကြောင့် တခြားလူမျိုးစုတွေရန်ကလွတ်အောင် ပုန်းနေခဲ့ကြရတယ်။
ရခိုင်မှာကြီးပြင်းခဲ့ရတဲ့ဘဝက ဘယ်လိုမျိုးလဲ
ဟက်ဖ်ဆာ – ကျမတို့ဟာ ကျမတို့ရဲ့ မျိုးနွယ်ကြောင့်ကိုပဲ ကျန်တဲ့ လူမျိုးစုတွေနဲ့ မတူ ဆက်ဆံခံရမယ် ဆိုတာ အလိုအလျောက် သိပြီးသားပဲ။ ဒါဟာ ကလေးဘဝကတည်းက ကျမတို့ ခေါင်းထဲကို ရိုက်သွင်းပေးလိုက်တဲ့ အကြောက်တရားပဲ။ ကျောင်းသွားတဲ့အခါ ခွဲခြားဆက်ဆံခံရမယ်ဆိုတာ ကျမတို့ သိပြီးသား။ လမ်းပေါ်ထွက်တဲ့အခါ ကျမတို့ကိုနှိမ့်ချစော်ကားတဲ့စကားနဲ့ ခေါ်မယ်ဆိုတာ သိပြီးသား။ ကျမ မြန်မာပြည်ကနေ ထွက်လာတဲ့နေ့အထိ ကျမကြုံတွေ့ခဲ့ရတဲ့အရာပဲ။ လူမှုကွန်ရက်တွေပေါ်မှာတောင် မကြာသေးခင်ကအထိ ‘ကုလား’ ဆိုတဲ့အသုံးကို သူတို့သုံးနေကြတုန်းပဲ။
ရိုဟင်ဂျာတွေနဲ့ ပါလက်စတိုင်းတို့၊ တာလီဘန်တို့ တခြားလူမျိုးတွေနဲ့ တူညီတဲ့အချက်က ဘာများရှိမလဲ။
ဟက်ဖ်ဆာ – သေချာတော့ မပြောတတ်ဘူးရှင့်။ ကျမသိတဲ့တစ်ခုကတော့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ကိုယ်တိုင်က ရိုဟင်ဂျာဖြစ်စဉ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို နားလည်စေမယ့် ပြဋ္ဌာန်းနမူနာ ဖြစ်တယ်လို့ ဆိုထားတာပဲ။ ရိုဟင်ဂျာတွေဟာ ကမ္ဘာ့အနှိပ်ကွပ်ခံရဆုံး လူနည်းစု ဖြစ်တယ်လို့ ဖော်ပြ ထားတယ်။ အာဏာရှင်အစိုးရစနက်ကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ်ကဆို ရိုဟင်ဂျာအကြောင်း များများပြောမယ့် လူမရှိဘူးလို့ ထင်တယ်။ ၂၀၁၂ ခုနှစ်မတိုင်ခင် ဆယ်နှစ်လောက်တုန်းကဆို ရိုဟင်ဂျာဆိုတာ တော်တော် များများ ကြားတောင်မကြားဖူးကြဘူးလို့ ထင်တယ်။
နှိုင်းယှဉ်ကြည့်စရာ ရှိမရှိ ကျမမသိဘူး။ ဒုက္ခသည်လက်ခံတဲ့ တချို့တတိယနိုင်ငံတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ဆီရောက်လာတဲ့ဒုက္ခသည်တွေမှာ ကျွမ်းကျင်မှုတစ်မျိုးမျိုး၊ ပညာရေးအဆင့်တစ်ခုခုရှိကြပါ တယ်။ ကျမတို့မှာတော့ ကိုယ့်နိုင်ငံထဲမှာလည်း အထောက်အထားလက်မှတ်မရှိသလို ကိုယ်မွေးတဲ့ရွာမှာပဲ ကိုယ်ပြန်ပိတ်မိနေကြ၊ ပညာရေးလည်းမရကြဆိုတော့ တတိယနိုင်ငံတွေကလိုချင်တဲ့ ကျွမ်းကျင်မှုတွေ၊ ပညာ အရည်အချင်းတွေ ဘယ်ရှိပါ့မလဲ။ သူတို့ကပြောကြသေးတယ်။ ဆိုပါစို့ ‘ကြည့်စမ်း ဆီးရီးယန်းဒုက္ခသည် တွေဆို ဘာရှိတယ် ဘာရှိတယ်’ ပေါ့။ မှန်တာပေါ့၊ စစ်မဖြစ်ခင်တုန်းက အဲဒီလူတွေက သူတို့နိုင်ငံမှာ တန်းတူ ညီမျှအခွင့်ရတဲ့ နိုင်ငံသားတွေလေ။ ကျောင်းတက်ခွင့်ရတယ်။ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရတယ်။ အလုပ်လုပ်ခွင့်ရှိတယ်။ တက္ကသိုလ်တက်ခွင့်ရှိတယ်။ ရိုဟင်ဂျာတွေမှာ အဲသည်လို အခွင့်ရကြတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေကို ဆီးရီးယန်းဒုက္ခသည်တွေနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ နိုင်ငံသားကတ်တွေ၊ နိုင်ငံကူးလက်မှတ်တွေရှိတဲ့၊ ကျောင်းတက်ခွင့်ရတဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာတွေကို နှိုင်းယှဉ်လို့မရပါဘူး။
ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ နိုင်ငံပြင်ပမှာ၊ အထူးသဖြင့် နိုင်ငံတကာမီဒီယာတို့ အစီရင်ခံစာတို့မှာ မှားယွင်းနားလည်မှုအခံရဆုံး အရာက ဘာဖြစ်မလဲ။
ဟက်ဖ်ဆာ – လူသားချင်းစာနာမှုအကူအညီပေးတဲ့ကဏ္ဍနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေလောကမှာတော့ ရိုဟင်ဂျာတွေဟာ ကိုယ့်လူမျိုးကိုယ့်အသိုင်းအဝိုင်းကို တည်ဆောက်နိုင်တဲ့အစွမ်းအစမရှိဘူးလို့ ထင်ကြတယ်။ အဲဒါ မှားပါတယ်။ ကျမတို့မှာရှိပါတယ်။ ကျမတို့လိုတာက လုံလောက်တဲ့ အကူအညီပါ။ အရင်းအမြစ်တွေနဲ့ ငွေကြေးပါ။ ရိုဟင်ဂျာတွေဟာ တအားတော်၊ တအားထက်မြက်တဲ့လူတွေပါ။ ကျမတို့ကြုံတွေ့ခံစားခဲ့ရတဲ့ ဖိနှိပ်ရက်စက်မှုမျိုးကို ခံနိုင်ရည်ရှိတာ ရိုဟင်ဂျာတွေပဲရှိတယ်လို့ ဆိုချင်ပါတယ်။ ကျမတို့ဟာ ကမ္ဘာမှာ ပြန်ရုန်းထနိုင်စွမ်းအကောင်းဆုံး လူမျိုးတစ်မျိုးလို့ ဆိုချင်ပါတယ်။ ကျမတို့ကြုံခဲ့ရတာမျိုးနဲ့ကြုံရတဲ့ တခြားသော မျိုးနွယ်စုတစ်စုစုဟာ ဒီကြမ္မာဆိုးတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး နိုင်ငံအသီးသီးမှာ ကျမတို့လို ဆက်လက် တောက်ပနိုင်မလားဆိုတာ ကျမ မသိပါဘူး။
ရိုဟင်ဂျာတွေနဲ့ ကရင်တို့ ကချင်တို့လိုမျိုး ကျန်တဲ့လူမျိုးစုတွေနဲ့ ဘာတွေကွာမလဲ။
ဟက်ဖ်ဆာ – အရိုးဆုံးအရှင်းဆုံး အဖြေတစ်ခုပဲ ပေးပါမယ်။ ဘာကွာလဲဆိုတော့ ကျမတို့က နိုင်ငံမဲ့တွေ ဖြစ်တာပါ။ ရိုဟင်ဂျာတွေဆီမှာ (မြန်မာ) နိုင်ငံသားကတ်မရှိဘူး။ ကျမတို့ အချိန်မရွေး အသတ်ခံရနိုင်တယ်။ ရိုဟင်ဂျာတွေဟာ ဘောင်မဝင် တန်းမဝင် သင်းကွဲတွေပေါ့။ သေလို့လည်း ဘယ်သူမှဂရုမစိုက်ဘူး။ အမျိုးသမီးတွေ မိန်းကလေးတွေ မုဒိမ်းကျင့်ခံရလည်း ဘယ်သူမှဂရုမစိုက်ပါဘူး။ ကျမတို့မှာ သွားစရာနေရာမရှိဘူး။
ကျန်တဲ့မျိုးနွယ်စုတွေထဲမှာလည်း လက်နက်ကိုင်အဖွဲ့တွေရဲ့ဒဏ်ကို ခံနေရတာတွေရှိပါတယ်။ သူတို့ တိုက်လာခဲ့တာ လွန်ခဲ့တဲ့နှစ် ၃၀ လောက်ကတည်းကပဲ။ အနည်းဆုံးတော့ သူတို့မှာ စစ်တပ်ကို ပြန်တိုက်မယ့် လက်နက်ကိုင်တပ်တစ်တပ် ရှိကြသေးတယ်။ ရိုဟင်ဂျာတွေမှာဆို ဓားထက်ထက် တစ်ချောင်းတောင် ကိုင်ခွင့် မရှိဘူး။ ရိုဟင်ဂျာအိမ်တွေကို သူတို့လိုက်ရှာတယ်။ ဓားတစ်ချောင်းတွေ့တာနဲ့ သိမ်းတာပဲ။ ကျန်တဲ့ မျိုးနွယ်စု တွေမှာဆို တစ်မြို့ကတစ်မြို့ကို ခရီးသွားရုံနဲ့ အဖမ်းခံရတယ်ဆိုတာ မရှိဘူး။ ကျန်တဲ့မျိုးနွယ်စုတွေမှာဆို မှတ်ပုံတင်ကတ်မရှိလို့ အဆင့်မြင့်ပညာရေးသင်ယူခွင့်မရဘူးဆိုတာမျိုး မရှိဘူး။ အစိုးရဌာနဆိုင်ရာမှာ အလုပ်လုပ်ခွင့်မရဘူးဆိုတာ မရှိဘူး။ ကျမတို့မှာပဲ အဲသည်လိုဖြစ်နေတာ။ ဒါဟာ သိပ်ကိုသိသာတဲ့ ကွာခြားမှု ပဲ။ အဆိုးသက်ရောက်မှုကြီးအကြီးကြီးရှိပါတယ်။
ရခိုင်မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ဘာလို့မရှိတာလဲဆိုပြီး မေးကြတာကြားရတယ်။
ဟက်ဖ်ဆာ – သိပ်ကိုထစ်ခနဲရှိပြဿနာတက်နေတဲ့ ဒေသမို့လို့ပါ။ ၂၀၁၂ မှာ အိမ်တွေမီးရှို့ခံရ၊ လူတွေ အသတ်ခံရတယ်။ ၂၀၁၂ ပြီးတော့ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ တောက်လျှောက် ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။ မသေချာမရေရာမှုတွေ အများကြီးရင်ဆိုင်နေရပြီးသားမှာ အာဏာသိမ်းမှုကိုဆန့်ကျင်ဖို့ လမ်းပေါ်ထွက်ဖို့ တတ်နိုင်ပါ့မလားဆိုတာ ကျမ မသိဘူး။ မနက်ဖြန်တောင် သေမလားမသိရတဲ့၊ မနက်ဖြန်အထိ ရှင်မလား မသေချာတဲ့ဘဝ။ ပြီးတော့ ကိုဗစ်လည်းရှိသေးတယ်။ ဖိစီးမှုတွေက တအားများနေပြီလို့ ထင်တယ်။ ပြည်တွင်း နေရပ်စွန့်ခွာနေရသူတွေရဲ့စခန်းတွေမှာ သူတို့နေလာရတာ အာဏာမသိမ်းခင်ကတည်းကဆိုတော့ အာဏာ သိမ်းပြီးနောက်မှာရော ဘာများပြောင်းလဲသွားမှာမို့လို့လဲ။ အာဏာသိမ်းသိမ်း မသိမ်းသိမ်း သူတို့ဘဝက ဒီအတိုင်းပဲ အမြဲဖြစ်နေခဲ့တာ။
ယခု မေးမြန်းခန်းသည် Reporting ASEAN ၏ ‘Lens Southeast Asia (အရှေ့တောင်အာရှ မြင်ကွင်းရှုထောင့်)’ အစီအစဉ်အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုအစီအစဉ်ကို ဆာဆာကာဝါငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ပံ့ပိုးပေးထားပါသည်။