မြန်မာနိုင်ငံ နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ – ရက်သတ္တပတ်အနည်းငယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေ ပြင်းထန်ဆိုးရွားလာနိုင်ဖွယ် ဖြစ်နေပြီ
Read this in English | in Vietnamese
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဟာ ရုတ်တရက် အရေးပေါ်အန္တရာယ်ကျရောက်မည့် အခြေအနေကို ရောက်ရှိ နေပြီ ဖြစ်တယ်။ လတ်တလော ကျွနှု်ပ်တို့သိရှိထားတဲ့ အခြေအနေတွေထက် အလွန့်အလွန် ပိုမို ဆိုးရွားလာနိုင်ဖွယ်ရှိ နေတယ်။
“နေရာထိုင်ခင်း မပေးနိုင်မှု၊ အောက်ဆီဂျင်အထောက်အကူ မလုံလောက်မှုနဲ့ ကာကွယ်ဆေးထိုးရေး ရပ်တန့်နေမှု စတဲ့ ကိစ္စတွေကြောင့် လာမယ့် ရက်သတ္တပတ်တွေအတွင်း အခြေအနေ သိသိသာသာဆိုးလာလိမ့်မယ်။” လို့ ‘မာဂျန် ဘေဆွီဂျင်’ (Marjan Besuijen) က ဂျိုဟန်နာဆန် (Johanna Son)ကို ပြောတယ်။ ‘မာဂျန်ဘေဆွီဂျင်’ က မြန်မာနိုင်ငံ အတွင်းမှာ တာဝန်ထမ်းဆောင်နေ တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) ရဲ့ တာဝန်ခံအရာရှိ ဖြစ်တယ်။ ‘ဂျိုဟန်နာဆန်’ကတော့ “အာဆီယံသတင်းအစီရင်ခံရေးအဖွဲ့” (Reporting ASEAN) ထူထောင်သူ အယ်ဒီတာဖြစ်တယ်။ ၂၀၂၁ ဇွန်လနှောင်းပိုင်းကစပြီး ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု အရေအတွက်တွေဟာ အဆမတန်များပြားလာတယ်။ စာရင်းဇယားတွေပေါ်က အရေအတွက်ထက် အဆပေါင်းများစွာ ပိုမို မြင့်မားလာနေတာ တွေ့ရတယ်။ ဒါက ဘာကိုပြသ နေသလဲဆိုရင် ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးရသူအရေအတွက်တွေဟာ ကြောက်ခမန်းလိလိ ဆက်လက်များပြားလာ နေဆဲဖြစ်ကြောင်း ဖေါ်ပြနေတယ်။ ဒီလိုဖြစ်ရခြင်းဟာ ဖေဖေါ်ဝါရီ (၁)ရက်နေ့ စစ်အာဏာသိမ်းမှုမှု စတင်ကတည်းက အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားတဲ့အတွက် ဖြစ်ပါတယ်။
Reporting ASEAN မေးခွန်း = မြန်မာနိုင်ငံမှာ ကပ်ရောဂါဘေး အခြေအနေက ဘယ်လိုရှိနေပါသလဲ။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) ရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ပြောပြပေးပါလား။
မာဂျန်ဘေဆွီဂျင် ဖြေ = လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း နေ့စဉ် ရောဂါပိုးတွေ့ လူနာ ၅,၀၀၀ အထိ ရောက်လာပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားမှုနှုန်းကို ပြည့်ပြည့်ဝဝ သိရဖို့ မလွယ်ပါဘူး။ အကြောင်း ကတော့ ရောဂါစစ်ဆေးနိုင်မှု စံချိန်က အခုအထိ စစ်ဆေးသင့်သလောက် မစစ်ဆေးနိုင်ဘဲ ဖြစ်နေပါတယ်။ လက်ရှိ အကြမ်းအားဖြင့် လူ ၁၅,၀၀၀ လောက် နေ့စဉ် စစ်ဆေးနိုင်တဲ့အတွက် ရောဂါပိုးရှိသူ ၃၅% အထိရှိတယ်လို့ ဆိုနိုင် ပါတယ်။ ဒီ ကိန်းဂဏန်းဖေါ်ပြချက်တွေအရ လက်ရှိ ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေ ဒီထက်မက ကျယ်ပြန့်နေပြီ လို့ဆိုနိုင်ပါတယ်။ အခုအထိ ရောဂါကူစက်ပြန့်ပွားမှုအခြေအနေနဲ့ပတ်သက်လို့ တိကျရှင်းလင်းတဲ့ အချက်အလက်တွေ ထုတ်ပြန်မပေးနိုင်ဘူးဆိုရင်၊ ပြည့်စုံလုံလောက်တဲ့ လေ့လာသုံးသပ်ချက် ပေးနိုင်မှာ မဟုတ်ပါဘူး။
ကျွန်မတို့လည်း နယ်စည်းမခြား ဆရာဝန်များရဲ့ဆေးခန်းတွေမှာ လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်မတို့ရောဂါ လက္ခဏာပြလာနိုင်တဲ့ လူနာတွေကို ပိုပြီး စောင့်ကြည့်နေပါတယ်။ အဲဒီလူနာတွေက သီးသန့်ခွဲထားပြီး ဆေးရုံတွေကို လွှဲပေးဖို့ လိုအပ်သူတွေ ဖြစ်ပါတယ်။
မေး = ဒီလိုဆိုရင် ကပ်ရောဂါကို ရှင်းရှင်းလင်းလင်း ထုတ်ဖေါ် မပြလိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ကတည်းက ကျန်းမာရေးစနစ် ယန္တရားကလည်း ပြိုလဲသွားတာ တွေ့ရတယ်။ အဲဒီအတွက် အကြီးမားဆုံး စိန်ခေါ်မှုက ဘာဖြစ်မယ်လို့ ယူဆသလဲ။
ဖြေ = ကျန်းမာရေး စောင့်ရှောက်မှု မရရှိဘဲ ဖြစ်လာမှာကို ကျွန်မတို့ စိုးရိမ်နေမိပါတယ်။ အဲဒီအထဲမှာ ဆေးဝါးထောက်ပံ့မှု အစီအစဉ်လည်း ပါတာပေါ့။ အခု ဘဏ်စနစ်ကလည်း ရပ်သွားတော့ ငွေကြေးစီးဆင်းလည်ပတ်မှု မရှိတဲ့အတွက် အများ ပြည်သူဆိုင်ရာ ကျန်းမာရေးစနစ်ပြိုလဲသွားတာလည်း စိုးရိမ်စရာပါပဲ။ အဲဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အလွန့်အလွန် လိုအပ်နေချိန်မှာ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဘယ်လိုဘယ်ပုံ ကျရောက် လာမှာလဲ ဆိုတာ စိုးရိမ်မိပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင်းက အခုပြောပြခဲ့တဲ့ ပြဿနာအရပ်ရပ်ကို ပိုပြီးရှုပ်ထွေးအောင် ဖန်တီးလာမှာ ဖြစ်ပါတယ်။ အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့အခြေအနေကလည်း နည်းပါးလာ နေတယ်။ စီးပွားရေးအခြေအနေကိုလည်း အထိနာစေခဲ့တာကြောင့် ပြည်သူအများအပြားကို ဆင်းရဲတွင်းဆီ တွန်းပို့ထား သလို ဖြစ်နေတယ်။ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးကလည်း ကန့်သတ်ထိန်းချုပ်ခံနေရတယ်။ အဲဒီလို အခြေ အနေတွေကြောင့် နိုင်ငံအနှံ့မှာ ပြည်သူတွေ တဦးချင်းအနေနဲ့သေခြင်းတရားနဲ့ရင်ဆိုင်နေကြရတယ်။ တကယ်တော့ ကျန်းမာရေးစောင့်ရှောက်မှု ရမယ်ဆိုရင် ရှောင်လွှဲနိုင်တဲ့ သေခြင်းတရားဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကပ်ရောဂါကို အချိန်မီ တုံ့ပြန်တွန်းလှန်နိုင်ဖို့ ဘက်ပေါင်းစုံက အကူအညီတွေ သေရေးရှင်ရေး လိုအပ်နေ ပါတယ်။ ကပ်ရောဂါကို စာင့်ကြည့်ဖို့ရော၊ ကုသဖို့ရော၊ ထိုးဆေးတွေရရှိဖို့ရော လိုအပ်နေတဲ့အတွက် လူမှုအဖွဲ့အစည်း အလွှာ အသီးသီးထံက ပူးပေါင်းပါ၀င်ကူညီမှုတွေ လိုအပ်နေပါတယ်။ လုံခြုံစိတ်ချရတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ လည်း လိုပါတယ်။ ငွေကြေးထောက်ပံ့မှုလည်း လိုပါတယ်။ ဒါမှသာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တွေအနေနဲ့ အရေးတကြီးလိုအပ်နေတဲ့ နေရာဒေသတွေဆီကို အကူအညီတွေ ရောက်ရှိအောင် ကူညီနိုင်မှာ ဖြစ်ပါတယ်။

မေး = လူမှုအထောက်အကူလုပ်ငန်းတွေအတွက် ဘယ်လို နေရာကနေ ကူညီဆောင်ရွက်ခွင့် ရနိုင်မယ် ထင်သလဲ။ တချို့ စီဒီအမ်ဝင်ထားတဲ့ ဆရာဝန်တွေက ကူညီဖို့ကြိုးစားနေကြတယ်။ ကျန်းမာရေးယန္တရာရဲ့ အပြင်ကနေ သူတို့ ဘာများ လုပ်ပေးနိုင်မယ်ထင်သလဲ။ မြေအောက်လှုပ်ရှားမှုသဘော ဒါမှမဟုတ် အင်တာနက် အွန်လိုင်းတို့ကနေ ကူညီမှာလား။ အစိုးရမဟုတ်တဲ့ စီမံဆောင်ရွက်မှုတွေအနေနဲ့ တိုးတက်မှုရရှိအောင် လုပ်နိုင်မယ်ထင်ပါသလား။
ဖြေ = ကိုဗစ်-၁၉ ကပ်ရောဂါက တပြည်လုံးက ပြည်သူအများစုကြီးကို ကူးစက်ပြန့်ပွားနေပါပြီ။ တနိုင်ငံလုံးအနှံ့ကူးစက် ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို တုံ့ပြန်ဖို့အခြေအနေက လူသားချင်းစာနာ အကူအညီပေးရေးဆိုတဲ့ အမြင်ဘောင်ကို ကျော်လွန်နေပါပြီ။ မြန်မာနိုင်ငံဟာ ကပ်ရောဂါကို အချိန်မီ တုံ့ပြန်တွန်းလှန်နိုင်ဖို့ ဘက်ပေါင်းစုံက အကူအညီတွေ သေရေးရှင်ရေး လိုအပ်နေပါတယ်။ ဒါကြောင့် ကပ်ရောဂါကို စာင့်ကြည့်ဖို့ရော၊ ကုသဖို့ရော၊ ထိုးဆေးတွေရရှိဖို့ရော လိုအပ်နေတဲ့အတွက် လူမှုအဖွဲ့အစည်း အလွှာ အသီးသီးထံက ပူးပေါင်းပါ၀င်ကူညီမှုတွေ လိုအပ်နေပါတယ်။
ဆရာဝန်နဲ့ သူနာပြုတွေက ကျန်မာရေးစနစ်ယန္တယားအပြင်ဘက်ကနေ ကပ်ရောဂါဘေးအတွက် ကြိုးစားဆောင်ရွက်နေ ကြပါတယ်။ ဥပမာအားဖြင့် မြေအောက်ဆေးခန်းတွေ ဖွင့်ကြတာမျိုးပေါ့။ အဲဒီဆေးခန်းတွေအနေနဲ့ စစ်အာဏာသိမ်း အဖွဲ့ ရဲ့ တိုက်ခိုက်တာ ဖမ်းဆီးတာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အဲဒါကြောင့် ကျန်မာရေးစောင့်ရှောက်မှုရရှိရေးအတွက် အတားအဆီးတွေ ပိုများနေတယ်။ အဲဒီ အစိုးရမဟုတ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေဟာ လူထုအတွက် တစုံတရာ အကူအညီဖြစ်စေတယ်ဆိုတာကတော့ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် တချိန်တည်းမှာ သူတို့ဟာ တကွဲတပြားစီ ဆောင်ရွက်နေကြရပြီး၊ ချိတ်ဆက်လုပ်ဆောင်နိုင်မှုအရလည်း အားနည်းနေတယ်။ ကပ်ရောဂါတိုက်ဖျက် ရေးအတွက် ထူးထူးခြားခြားတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကတော့ လိုအပ်နေဆဲပါပဲ။
မေး = ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ်ရဲ့ စွမ်းဆောင်မှုအခြေအနေကို ရှင်းပြနိုင်မလား။
ဖြေ = မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုစနစ် ၈၀% က ပြည်သူလူထုအတွက် စီမံဆောင်ရွက်ပေးဖို့ဖြစ်တယ်။ အခု လက်ရှိမှာတော့ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်စွမ်းက မဆိုစလောက်သာ ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဆေးရုံ ဆေးခန်း အများစုက ပိတ်ထားရတယ်။ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေ စီဒီအမ် လှုပ်ရှားမှုမှာ ပါ၀င်နေတာကြောင့်လည်း ဖြစ်တယ်။ သာမန်ဆေးခန်းကလေးတွေ ဖွင့်ကြပေမယ့် ၀န်ဆောင်မှုအားလုံးကို မပေးနိုင်ကြပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဆေးဝါးကုသမှု ရရှိရေးအတွက် ပုဂ္ဂလိကဆေးခန်းတွေ တခုပြီးတခု ရှာဖွေသွားရောက်ကြရလို့ အချိန်ကုန်လူပမ်းဖြစ်ကြရတယ်။ ဒါပေမယ့် လူအများစုကတော့ အဲဒီလို ဆေးခန်းတွေဆီတောင် မသွားနိုင်ကြပါဘူး။
အစိုးရရဲ့ ခုခံအားကျဆင်းရောဂါ(HIV/AIDS) နဲ့ တီဘီအဆုပ်နာရောဂါ ကုသပေးရေး အစီအစဉ်တွေက ဖေဖေါ်ဝါရီလ ကတည်းက ဆောင်ရွက်ပေးမှု မရှိတော့ဘူး။ အဲဒီက လူနာ ၃,၀၀၀ ကျော်ကို နယ်စည်းမခြားဆရာဝန်များ(MSF) ရဲ့ ဆေးခန်းတွေဆီ ပြန်လွှဲပေးလိုက်တယ်။ ဒါကြောင့် MSF ဆေးခန်းတွေက အဲဒီလူနာတွေကို ရောဂါရှာဖွေစစ်ဆေးမှုနဲ့ ကုသမှုတွေ လုပ်ပေးခဲ့ရတယ်။ ဒီ့အပြင် အစိုးရဆေးရုံတွေက စစ်ဆေးကုသမပေးတာကြောင့် လူနာအသစ် ၄၀၀ ခန့် လည်း MSF ဆေးခန်းတွေဆီ ရောက်လာတယ်။ သူတို့အထဲမှာ ရောဂါပိုးအဆင့်သစ် ကူးစက်ခံထားရသူတွေလည်း ပါ၀င်နေတာ တွေ့ရတယ်။
မေး = ရုံးမတက်ရေး စီဒီအမ်လှုပ်ရှားမှု (Civil Disobedience Movement) က ကျန်းမာရေးကဏ္ဍနဲ့ ကပ်ရောဂါတုံ့ပြန် ဆောင်ရွက်ရေးကိစ္စတွေအပေါ် ဘယ်လို ထိခိုက်မှုတွေ ဖြစ်စေခဲ့သလဲ။ ကာကွယ်ဆေးထိုးရေးအတွက်မှာရော ဘယ်လို သက်ရောက်မှုရှိပါသလဲ။ တချို့က ကာကွယ်ဆေးမထိုးရေးကို ဆန္ဒပြမှု လုပ်ဟန်တခုအနေနဲ့မြင်နေကြပါတယ်။
ဖြေ = စစ်အာဏာမသိမ်းခင်ကလေးမှာ ကာကွယ်ဆေးထိုးရေး လှုပ်ရှားမှုစတင်ခဲ့တာ ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတချို့က ပထမဦးဆုံး ကာကွယ်ဆေးထိုးမှု ခံယူခဲ့ကြပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့အာဏာသိမ်းမှုကြောင့် အတော်များများက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုခဲ့ကြတယ်လို့သိရတယ်။ တရားမဝင်တဲ့ စစ်အာဏာပိုင် တွေရဲ့ အစီအမံအောက်မှာ ဆေးမထိုးဘူးလို့ ငြင်းဆိုခဲ့ကြတယ်။ ထိုးဆေးတချို့က မေလမှာ သက်တမ်းကုန်မှာဖြစ်တယ်။ ဒါကြောင့် အသက် ၁၈ နှစ်ပြည်သူ မည်သူမဆို ဆေးထိုးလိုရင် လာရောက်ထိုးနိုင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် အာမခံ နိုင်မှုအခြေအနေက သိပ်နိမ့်တဲ့အတွက် ဘယ်သူမှ စွန့်စားပြီး ဆေးထိုးလိုခြင်း မရှိကြဘူးလို့ဆိုတယ်။ အဲဒီလို ဆေးထိုးဖို့ ရှောင်ရှားမှုကို ဆန္ဒပြတဲ့အနေနဲ့လုပ်နေကြတာ အခုလတ်တလောမှာပဲ တွေ့နေရတယ်။
မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးတွေ နောက်ထပ်ရရှိလာခဲ့ရင်တောင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ သပိတ်မှောက်နေ တာကြောင့် တရားမဝင်တဲ့ အစိုးရမျိုးအနေနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ သူတို့အတွက် အလုပ် လုပ်ပေးချင်တဲ့ ၀န်ထမ်းလုံလောက်မှု မရှိလို့ဖြစ်ပါတယ်။

မေး = ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) နဲ့တခြား နိုင်ငံတကာ သုတေသနအဖွဲ့တွေက ကိုဗစ်ဆိုင်ရာ အချက်အလက်တွေကို စာရင်းဇယားတွေမှာ ဆက်လက်ဖြည့်စွက်နေကြချိန်မှာ မြန်မာမှာ ကာကွယ်ဆေးထိုးမှု စာရင်းက ဇွန်လဆန်းမှာ ကတည်းက ရပ်နေခဲ့တယ်။ ဒီကိစ္စက ဘယ်လိုအခြေအနေကို ထင်ဟပ်နေပါသလဲ။ သတင်းအချက်အလက်တွေ ပေးပို့နေတယ်ဆိုရင် တောင် စာရင်းဇယာတွေက ရှင်းလင်းတဲ့ စုစည်းဖေါ်ပြချက်တွေ ပြသနေတာဖြစ်တယ်။ အခု စာရင်းအချက်အလက်တွေ မဖေါ်ပြနိုင်ဘဲဖြစ်နေတာ မကောင်းတဲ့ လက္ခဏာလို့ ဆိုနိုင်ပါသလား။
ဖြေ = စာရင်းဇယားအချက်အလက်တွေအပေါ်မှာ ဘယ်လောက်အထိ အားထားနိုင်မလဲဆိုတာ ကျွန်မတို့မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့ပြောနိုင်တာကတော့ ရောဂါစစ်ဆေးမှုကို လုပ်သင့်သလောက် မလုပ်ခဲ့တဲ့အတွက် ထုတ်ပြန်ကြေညာ ထားတဲ့ စာရင်းအချက်အလက်တွေဟာ အမှန်တကယ်ဖြစ်ပွားနေတဲ့ အရေအတွက် စုစုပေါင်းထက် အများကြီး လျှော့တွက် ထားတယ် လို့ ပြောနိုင်ပါတယ်။ တကယ့် အဓိက အရေးကြီးတဲ့ ကိန်းဂဏန်းက ရောဂါပိုးတွေ့ရှိသူ ရာခိုင်နှုန်းဖြစ်ပါတယ်။ လက်ရှိ ၃၅% ဆိုတာတောင် အတော် မြင့်မားနေပါတယ်။ အခုဆိုရင် နေ့စဉ် ရောဂါဖြစ်သူအရေအတွက်နဲ့ သေဆုံးသူ အရေအတွက် မှတ်တမ်းတင်ဖေါ်ပြခြင်း မရှိဘဲ ဖြစ်နေတယ်။ စုစည်းဖေါ်ပြချက် တခုတော့ရှိပါတယ်။ ဒါပေမယ့် တကယ့် မြေပြင်အချက်အလက်တွေက အဲဒီ ဖေါ်ပြချက်ထက် ပိုမို ဆိုးရွားနေမှာ ဖြစ်ပါတယ်။
မေး = ပိုမို ဆိုးရွားပြီး ကွဲလွဲတဲ့ အခြေအနေ ဖြစ်နေတာကို ဖေါ်ပြမယ်ဆိုရင်တောင် တခြားနိုင်ငံတွေမှာလည်း ခက်ခဲတဲ့ အခြေ အနေတွေ ပေါ်ပေါက်နေတယ်လို့ ဆိုတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ကိုဗစ်အခြေအနေက ဘယ်လို ပုံပန်းသဏ္ဍာန် ဖြစ်နေတယ်လို့ မြင်သလဲ။
ဖြေ = လူနာတွေအတွက် နေရာထိုင်ခင်း မရှိဘူး၊ အောက်ဆီဂျင်ပေးနိုင်တာကလည်း အကန့်အသတ်နဲ့ဖြစ်နေတယ်။ ပြီတော့ ကာကွယ်ဆေး ဖြန့်ဝေမှုကလည်း ရပ်တန့်နေတယ်။ ဒီကိစ္စတွေကို ကြည်ရင် လာမယ့် ရက်သတ္တပတ်တွေအတွင်း အခြေအနေက သေရေးရှင်ရေးဖြစ်လာမယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့လို နေရာဒေသအချို့မှာတောင် ရောဂါစစ်ဆေးမှု စမ်းသပ်ပေးနိုင်တဲ့ နေရာ မရှိဘူး။ ရန်ကုန်က ဆေးရုံအတော်များများကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ လူနာတွေကို လက်ခံ ကုသမပေးတော့ဘူး။
တကယ်လို့သာ စစ်တပ်က အာဏာမသိမ်းခဲ့ရင် လူတွေအတော်များများ ကာကွယ်ဆေးထိုးပြီးလောက်ပြီ။ ပုံမှန်လည်ပတ် နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ရှိနေမှာဖြစ်လို့ သံသယ လူနာ တွေရှိခဲ့ရင်လည်း သီးခြားစောင့်ကြည့်ရာ နေရာ ဌာန (Quarantine Center) နေစေပြီး၊ ရောဂါကုသဖို့လိုအပ်သူတွေကို ကုသပေးနိုင်မှာ ဖြစ်တယ်။
မေး = ဒီအခြေအနေအတိုင်းဆိုရင် ကျန်းမာရေးကံဆိုးမိုးမှောင်ကျမှုတွေ နောက်ထပ်ဖြစ်လာဖို့များ မြင်တွေ့နေရပါသလား။ ခုခံအားကျဆင်းရောဂါ(HIV/AIDS) ကုသရေးနဲ့ စီမံကွပ်ကဲရေးအပေါ်မှာရော ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါ သလဲ။ နောက် ကလေးသူငယ်တွေ ကာကွယ်ဆေးထိုးပေးရေးကိစ္စအပေါ်မှာရော ဘာတွေ သက်ရောက်လာမလဲ။ စိုးရိမ်စရာ အကောင်းဆုံး ကိစ္စတွေက ဘာတွေ ဖြစ်နိုင်ပါသလဲ။
ဖြေ = အကြီးမားဆုံးလို့ဆိုရမယ့် စိုးရိ်မ်စရာတွေကတော့ ကျန်းမာရေး စောင့်ရှောက်မှု မရရှိဘဲ ဖြစ်လာမှာကို ကျွန်မတို့ စိုးရိမ်နေမိပါတယ်။ အဲဒီအထဲမှာ ဆေးဝါးထောက်ပံ့မှု အစီအစဉ်လည်း ပါတယ်။ ဘဏ်စနစ်ကလည်း ရပ်ဆိုင်းသွားတော့ ငွေကြေးစီးဆင်းလည်ပတ်မှု မရှိဘဲ ဖြစ်မှာလည်း စိုးရိမ်ပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ ကျန်းမာရေးစနစ် ပြိုလဲသွား တာကလည်း စိုးရိမ်စရာပါပဲ။ အဲဒီလို အခြေအနေတွေကြောင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အလွန့် အလွန် လိုအပ်နေချိန်မှာ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဘယ်လိုဘယ်ပုံ ကျရောက်လာမလဲ ဆိုတာ စိုးရိမ်မိပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်းက အခုပြောပြခဲ့တဲ့ ပြဿနာအရပ်ရပ်ကို ပိုပြီးရှုပ်ထွေးအောင် ဖန်တီးပါလိမ့်မယ်။ အများပြည်သူ ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ အခြေအနေကလည်း နည်းပါးလာနေတယ်။ စီးပွားရေးကဏ္ဍကိုလည်း အထိနာ စေခဲ့တဲ့အတွက် ပြည်သူအမြောက်အမြားကို ဆင်းရဲတွင်းဆီ တွန်းပို့သလို ဖြစ်နေတယ်။ ကုန်ပစ္စည်းတွေ သယ်ယူပို့ ဆောင်ရေးလည်း ကန့်သတ်ထိန်းချုပ်ခံနေရတယ်။ ဒါကြောင့် နိုင်ငံအနှံ့မှာ ပြည်သူတွေ တဦးချင်းသေခြင်းတရားနဲ့ ရင်ဆိုင်နေကြရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုသာ ရမယ်ဆိုရင် ကြုံတွေ့နေရတဲ့ သေခြင်းတရားကို ရှောင်လွှဲနိုင်မှာ ဖြစ်တယ်။
ကျွန်မတို့အနေနဲ့ အဆုပ်ရောဂါနဲ့ ခုခံအားကျဆင်းရောဂါ(HIV/AIDS) ကုသရေးအစီအစဉ်တွေ ရပ်တန့်သွားမယ့်အရေး လည်း အတော်စိုးရိမ်မိပါတယ်။ ရောဂါထိန်းချုပ်နိုင်ရေးအတွက် တိုးတက်ဖြစ်ထွန်မှု အခြေအနေတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ နှစ်ကာလတွေကို အလဟဿ လုပ်ပစ်ရာရောက်မှာကို စိုးရိမ်မိလို့ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်တုံးက ခုခံအားကျဆင်းရောဂါ ရှိသူ လူနာ ၄၀၁၂၈ ဦးရှိခဲ့တယ်။ ၂၀၁၇ ခုနှစ်ကုန်မှာ ၁၄၆၈၂၆ အထိ ရှိခဲ့တယ်။ ဒါပေမယ့် ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၆ ခုနှစ် အကြား Antiretroviral Therapy နည်းနဲ့ ကုသခဲ့လို့ ခုခံအားကျဆင်းရောဂါ(HIV/AIDS) ကြောင့် သေဆုံးရသူ ၅၂% အထိ ကျဆင်းခဲ့ပါတယ်။ တကယ်လို့ ကုသပျောက်ကင်းထားတဲ့ HIV/AIDS ဝေဒနာရှင်တွေအနေနဲ့ Antiretroviral Therapy နည်းနဲ့ ကုသမှုကို ဆက်လက် မခံယူနိုင်တော့ရင် သူတို့ရရှိထားတဲ့ ကျန်းမာရေးတိုးတက်မှုတွေကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။
END/Reporting ASEAN