မြန်မာ။ ။ ‘အစိုးရိမ်ဆုံးကတော့ ကျွန်တော်တို့ လုံးဝပြန်နာလန်မထူနိုင် ဖြစ်သွားမှာကိုပဲ’
Read here in English
20 July 2022 | Reporting ASEAN
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူသားရင်းမြစ်၊ လူမှုရင်းမြစ်နဲ့ သဘာဝ ရင်းမြစ်တွေဟာ “မြန်မြန်ဆန်ဆန် ယုတ်လျော့လာ” နေတယ်လို့ သဘာဝပတ်ဝန်းကျင် အရေးကိစ္စ ဆောင်ရွက်နေသူ ဦးဝင်းမျိုးသူက ပြောပါတယ်။ ဦးဝင်းမျိုးသူဟာ ဒေသခံပြည်သူလူထုနဲ့ လက်တွဲပြီးတော့ မြေယာ၊ သစ်တော၊ ရေ၊ စားနပ်ရိက္ခာနဲ့ သန့်ရှင်းတဲ့ သဘာဝပတ်ဝန်းကျင်တွေ ရရှိဖို့အတွက် နှစ်ပေါင်းသုံးဆယ်ကျော် အလုပ်လုပ်လာခဲ့သူ ဖြစ်ပါတယ်။
ခု လက်ရှိ ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ် မြေသိပ္ပံဌာနမှာ ဧည့်သုတေသီအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်တဲ့ ဦးဝင်းမျိုးသူကတော့ လက်ရှိ မြန်မာပြည်ရဲ့ ဗရုက်ဗရက်ဖြစ်စဉ်တွေ ဆက်ကြာနေမယ်ဆိုရင် နိုင်ငံဟာ လုံးဝဗုန်းဗုန်းလဲ ပြိုကျသွားနိုင်တယ်လို့ စိတ်ပူနေပါတယ်။
လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာဆိုရင် စစ်တပ်က အာဏာမသိမ်းလိုက်ခင်ကတည်းက သစ်တော ပြုန်းတီးမှုအပါအဝင် သဘာဝ ပတ်ဝန်းကျင်အရေးကိစ္စတွေ၊ ရေရှည်တည်တံ့စွာသုံးစွဲရေး အရေးကိစ္စတွေ အပေါ် အရေးတယူထား ဆောင်ရွက်မှုဟာ အဓိကဦးစားပေး နေရာမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ ခုကာလမှာတော့ အဲဒီ အရေးကိစ္စတွေကို ဦးစားပေးဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တိုက်တိုက်တွန်းတွန်း နှိုးဆောင်ဖို့ဆိုတာဟာ ပိုလို့တောင် ခက်ခဲလာပါတော့တယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်တပ်ရဲ့ ဖိနှိပ်ကြမ်းကြုတ်မှုတွေကြားမှာ ပြည်သူအများစုဟာ စားဝတ်နေရေး၊ အသက်ရှင် ရပ်တည်ရေး၊ ကပ်ရောဂါနဲ့ တခြား ဘေးအန္တရာယ်တွေက လတ်တလော အရေးကိစ္စတွေ ဖြစ်နေသလို သဘာဝပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ်၊ ရာသီဥတုအရေးကိစ္စပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံဟာလည်း အရေးတကြီး ဆောင်ရွက်နိုင်မယ့် အနေအထားမှာ မရှိ ဖြစ်နေပါတယ်။
ကမ္ဘာ့ညွှန်းကိန်း၊ ဒေသတွင်း ညွှန်းကိန်းတွေကိုကြည့်ရင် မြန်မာနိုင်ငံဟာ ရာသီဥတုနဲ့စပ်ဆက်တဲ့ ဘေးအန္တရာယ်လိုမျိုး အဓိကဘေးအန္တရာယ်ကြီးတွေကို ရင်ဆိုင်တဲ့နေရာမှာ တုံ့ပြန်ဖြေရှင်းနိုင်စွမ်း အနိမ့်ဆုံးမှာ ရှိနေတဲ့ နိုင်ငံအဖြစ် အမြဲမြင်တွေ့ရပါတယ်။
ဦးဝင်းမျိုးသူကတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရ အနေအထားဖြစ်လာပြီး “ရာသီဥတု ပြောင်းလဲမှုကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု တိုးတက်လာစေဖို့ရာအတွက် လိုအပ်တဲ့ အနေအထားအဆင့်ကို ပြန်ရယူပြီး ပြန်နာလန်ထူနိုင်စွမ်း မရှိတော့မှာကို” အကြီးဆုံးစိုးရိမ်ပူပန်နေမိတယ်လို့ Reporting ASEAN ကို ပြောပါတယ်။
သူဟာ ပြည်တွင်းအဖွဲ့အစည်း ALARM ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဇီဝမျိုးစုံမျိးကွဲ၊ သစ်တောဥပဒေ၊ တွင်းထွက်လုပ်ငန်းဆိုင်ရာ မူဝါဒရေးရာတွေမှာ နိုင်ငံတော်အစိုးရကို မူဝါဒရေးရာ အကြံဉာဏ်တွေ ပေးခဲ့သူဖြစ်ပါတယ်။ လောလောဆယ် အဖွဲ့ကနေ သူ ခေတ္တခဏ အနားယူထားပါတယ်။
“ကျွန်တော်တို့တွေ ဘယ်လိုပဲ စိတ်ကူးယဉ်နေကြပါစေ (ခုလက်ရှိ စစ်အစိုးရကို ဖယ်ရှားပစ်လိုက်နိုင်တယ် ထားဦး) ဖက်ဒရယ်နိုင်ငံတစ်ခု ပေါ်ပေါက်လာစေဖို့ လိုအပ်တဲ့ စုစည်းခိုင်မာမှုမျိုး တည်ဆောက်ဖို့ရာ ကျွန်တော်တော့ လမ်းမမြင်ဘူး။ မြန်မာပြည်အတွက် အဖြစ်နိုင်ဆုံးအနေအထားကတော့ နိုင်ငံငယ်လေးတွေအဖြစ် ပြိုကွဲသွားဖို့ပါပဲ” လို့ သူက ပြောပါတယ်။
အောက်ပါတို့ကတော့ ဦးဝင်းမျိုးသူနဲ့ အမေးအဖြေပဲဖြစ်ပါတယ်။
ဂျိုဟန်နာဆင် (Reporting ASEAN) ။။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ ယိုယွင်းလာနေတဲ့ နောက်ခံကားချပ်အရ သဘာဝပတ်ဝန်းကျင် အရေးကိစ္စအပါအဝင် ရေရှည်တည်တံ့ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဖြစ်နိုင်ရဲ့လား။ စိုးရိမ်စရာကောင်းတဲ့ အပိုင်းလည်း ပါတာပေါ့။
ဦးဝင်းမျိုးသူ။ ။ နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ကို တိုက်ရိုက် ထိခိုက်တာမျိုး မဟုတ်နေသရွေ့ ရေရှည်တည်တံ့ရေး ကိစ္စအတွေအကြောင်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း အများရှေ့မှာ ပြောလို့ရပါတယ်။ မြန်မာပြည်မှာက တရားဥပဒေစိုးမိုးရေးက မရှိဘူးဖြစ်နေတော့ နစကလုပ်ဆောင်သမျှကိုရော၊ သူတို့ရဲ့ စွမ်းဆောင်ရည်ကိုရော ဝေဖန်တဲ့သူမှန်သမျှ အန္တရာယ်ရှိနေတာပဲ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် အစိုးရမူဝါဒတွေ၊ သူတို့ ဆောက်ရွက်ချက်တွေရဲ့ အားနည်းချက်တွေအကြောင်း လူမှုမီဒီယာမှာ ဘယ်လောက်ထိ ပြောလို့ရမလဲ ဆိုတာကိုတော့ ဆက်လက် လေ့လာရမှာဖြစ်တယ်။
ပြည်သူတွေကရော အဲဒီ ရေရှည်တည်တံ့ရေးကိစ္စတွေကို သတိပြုမိကြလား။ စစ်တပ်ကလည်း အားလုံးကို ထိန်းချုပ်ဖို့ အာရုံစိုက်နေတဲ့ အနေအထားမှာ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနကရော သူ့အလုပ်သူ ဆက်လုပ်နေတုန်းပဲလား။
ဦးဝင်းမျိုးသူ။ ။ သစ်မှောင်ခိုကူးတာ၊ ရွှေကျင်တာ၊ ကျောက်တူးတာတွေ ပိုများလာနေမှန်းတော့ ပြည်သူတွေက သိကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန (ECD) ကတော့ သတ္တုတူးဖော်ရေး လိုင်စင်ရထားသူတွေကို သူတို့ရဲ EIA (သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာသုံးသပ်ချက်) အစီရင်ခံစာမှာရေးထားတဲ့အတိုင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်ပါကြောင်း အသေးစိတ်အစီရင်ခံစာ တင်ပြခိုင်းထားတုန်းပါပဲ။ အဲဒါကြောင့်မို့လို့လည်း တချို့သတ္တုတူးဖော်ရေးလုပ်ငန်းရှင်တွေအနေနဲ့ လေထု အရည်အသွေး၊ ရေအရည်အသွေးတွေ စစ်ဆေးဖို့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်းဆီ လာကြပါတယ်။ ဒါပေမဲ့လို့ တကယ့်မြေပြင်မှာကျတော့ သူတို့က သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ရမယ့် အစီအမံတွေကို ဒီလောက်ကြီး တိတိပပ အလေးပေးမနေကြဘူး။ အစိုးရဌာနဆိုင်ရာတွေကလည်း မြေပြင်အထိ ကွင်းဆင်းမစစ်ဆေးနိုင်ခဲ့ဘူး။ လူမှုကွန်ရက်မှာတော့ သစ်တောမြေတချို့မှာ မှောင်ခို သစ်ထုတ်လုပ်နေတဲ့အကြောင်းတွေ ရေးကြတာ ဖတ်ရပါတယ်။
လူအတော်များများ အတွက်ကတော့ ရေရှည်တည်တံ့ရေးဆိုတဲ့ခေါင်းစဉ်က နောင်ခါလာ နောင်ဈေး ဖြေရှင်းရမယ့် အရေးကိစ္စလို့ မှတ်ထားကြတာပေါ့။ သူတို့အတွက်ကတော့ လောလောဆယ် စားဝတ်နေရေး ကိစ္စ ဖြေရှင်းဖို့က ပထမ၊ ရေရှည်တည်တံ့ရေးတွေ သဘာဝပတ်ဝန်းကျင်ဆိုတာတွေက နောင်မှပေါ့။ အဲဒီလိုများ ဟုတ်နေသလား။
ဦးဝင်းမျိုးသူ။ ။ စိတ်မကောင်းစရာပဲဗျ။ ခုကာလကြီးက ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် သဘာဝသယံဇာတတွေကို မညှာမတာ ထုတ်ယူနေကြတဲ့ အချိန်ဖြစ်နေတယ်။ အစိုးရကလည်း ဒီလို လုပ်တယ်၊ ဆင်းရဲသားပြည်သူတွေကလည်း ဒီလိုလုပ်တယ်။ နှစ်ဖက်စလုံးအတွက် မှန်နေတာပေါ့။
ပဋိပက္ခနဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စ တစ်ခုနဲ့တစ်ခု ဘယ်လိုစပ်နွှယ်နေကြသလဲ။ အထူးသဖြင့် စစ်တပ်တင်မက တိုင်းရင်းသားလက်နက်ကိုင်တွေပါ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးအတွင်း သယံဇာတ ထုတ်ယူတဲ့ လုပ်ငန်းတွေအပေါ် တအားကို မှီခိုလာနေခဲ့ကြတာဆိုတော့ ဒါနဲ့ပတ်သက်လို့ နမူနာပေးစရာ ရှိသလား။
ဦးဝင်းမျိုးသူ။ ။ သယံဇာတတွေ တူးဖော်ထုတ်ယူလို့ရနေသေးတဲ့ ဒေသတွေမှာဆိုရင်တော့ ဘယ်နေရာ ကြည့်ကြည့် အတင်းကာရော တူးဖော်ထုတ်လုပ်နေကြတာပါပဲ။ EAO (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း) တွေ ထိန်းချုပ်တဲ့ နေရာမှာရော၊ EAO မဟုတ်သူတွေ ထိန်းချုပ်တဲ့ နေရာတွေမှာရော (အမျိုးသားဥယျာဉ်နယ်မြေ လိုမျိုး ဥပဒေေဒအရ တအားတင်းကျပ်ထားတဲ့ နေရာတွေမှာတောင်) ကျောက်စိမ်းတို့၊ ရွှေတို့၊ မြေရှားသတ္တုတို့ သစ်တို့ စတာတွေ တူးဖော်ထုတ်လုပ်တာတွေက ဘယ်လောက်ပဲ ဘေးအန္တရာယ်များနေပါစေ အရှိန်မြင့်လာတယ်လို့ ကြားရတယ်။ အောက်ခြေကိုကြည့်ရင်လည်း တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးတွေ၊ ကျေးရွာပြည်သူတွေရဲ့ မီးသွေးဖုတ်လုပ်ငန်းကလည်း ပိုများလာတယ်။ ဒါတွေအကုန်လုံးက သဘာဝပတ်ဝန်းကျင် ဆုတ်ယုတ်ပျက်စီး ဖို့နဲ့ သယံဇာတယုတ်လျော့ကျဆင်းဖို့ကို ပိုပြီးလျင်လျင်မြန်မြန် ဆိုးရွားလာစေတာပါပဲ။
ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးနဲ့နိုင်ငံတကာကတိကဝတ်တွေအပိုင်းဆိုပါတော့၊ခုစစ်တပ်လက်အောက်ကမြန်မာပြည်အနေနဲ့အဲဒီလုပ်ငန်းအစီအစဉ် (အာဂျင်ဒါ) အတိုင်းပြည်တွင်းမှာအကောင်အထည်ဖော်ဖို့စွမ်းရည်ရှိပါ့မလား။လျှပ်စစ်ကဏ္ဍကိုပဲကြည့်ရင်တောင်ဒေသတွင်းမှာလျှပ်စစ်မီးရရှိမှုအနည်းဆုံးဖြစ်သလိုပြည်သူတွေအနေနဲ့လည်းမီးပြတ်တောက်မှုနဲ့ရင်ဆိုင်နေရတယ်။
ဦးဝင်းမျိုးသူ ။ ။ မြန်မာအာဏာပိုင်တွေဆီကနေ UNFCCC (ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း) ဆီကို တင်တဲ့ NDC အစီရင်ခံစာမှာ ဖော်ပြထားသမျှ တိကျတဲ့ရည်မှန်းချက်တွေ ကတော့ ၂၀၃၀ နောက်ဆုံးထားပြီး သစ်တောပြုန်းတီးမှုကို တစ်ဝက်လျှော့ချဖို့နဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်မှုရဲ့ ပါဝင်မှုကို တိုးမြှင့်ဖို့တို့ပဲ ဖြစ်ပါတယ်။ လက်ရှိ ပုံမှန်အတိုင်း သွားနေတဲ့အပိုင်းမှာရော၊ စီမံကိန်းချရည်မှန်းထားတဲ့ အပိုင်းတွေမှာရော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိစ္စမှာ ဒေတာတွေကို လိုသလို ဆွဲသုံးထားတယ်။ ဆိုတော့ ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူး။ ၁၀၀၀ မဂ္ဂါဝပ် ဆိုလာလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေအတွက် ၂၀၂၀ တုန်းက NLD အစိုးရဆီကနေ တင်ဒါအောင်ခဲ့တဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ တင်ဒါတွေကို ပြန်ရုပ်သိမ်းသွားခဲ့တယ်*။ နစက ကလည်း သူတို့ကို အမည်ပျက်စာရင်းထဲ ထည့်လိုက်တယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ ရေအားလျှပ်စစ်ထုတ်ဖို့ ဆည်အကြီးစားစီမံကိန်းတချို့ကို ပြန်စမယ့် အလားအလာတွေတော့ ရှိတယ်။ ဒါပေမဲ့ သူတို့လည်း အခု နစက လက်ထက်မှာတော့ လုပ်ငန်းတွေ စဖို့ရာ စိတ်မပါဘူးဖြစ်နေကြတယ်။
ဒီတော့ကာ နောက်လာမယ့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံအနေနဲ့ ပြန်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို လောက်လောက်လားလား တိုးမြှင့်နိုင်မယ့် အနေအထားတော့ မရှိဘူး။
သစ်တောဦးစီးဌာနအနေနဲ့လည်း မြေပြင်ကွင်းဆင်းတာတောင် မလုပ်နိုင်ဘူး။ (ရာသီဥတုလုပ်ငန်းနဲ့ဆိုင်တဲ့) အဲဒီလို ရည်မှန်းချက်တစ်ခုကို ရောက်ဖို့ သူတို့ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။ သစ်တောပြုန်းတီးရခြင်းရဲ့ အဓိက အကြောင်းရင်းတွေက သစ်တောထွက်ပစ္စည်းတွေ အလွန်အကျွံ ထုတ်ယူတာနဲ့ လယ်ယာစိုက်ပျိုးရေးအပိုင်းမှာ တအားစီးပွားရေးဆန်ဆန် ချဲ့ထွင်တာတို့ပဲ။ ဟိုတလောက နစက ဥက္ကဋ္ဌပြောသွားတဲ့ မိန့်ခွန်းအရလည်း နစကအနေနဲ့ ရော်ဘာ၊ ငှက်ပျောနဲ့ ဆီအုန်းစိုက်ပျိုးရေးတွေ အတွက် လုပ်ငန်းရှင်တွေကို လုပ်ကွက်တွေ ထပ်ချထားဖို့ ရည်မှန်းချက်ရှိတယ်လို့ သေသေချာချာ ဆိုသွားတော့ NDC ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ဖို့ မည်သို့မျှ ဖြစ်နိုင်ခြေ မရှိပါပေါ့။
မြန်မာဟာဖိလစ်ပိုင်လိုမျိုးတခြားအရှေ့တောင်အာရှနိုင်ငံတွေလိုပဲသဘာဝဘေးအန္တရာယ်ခံစားရနိုင်ခြေမြင့်မားပေမဲ့ဒါတွေကိုရင်ဆိုင်နိုင်စွမ်းမှာတော့အနည်းဆုံးပဲလို့လေ့လာမှုတွေရော၊ကမ္ဘာ့အညွှန်းကိန်းတွေရောကဖော်ပြနေကြတယ်။ဒီကနေကျွန်မတို့ဘာတွေသဘောပေါက်နိုင်မလဲ။
ဦးဝင်းမျိုးသူ ။ ။ သဘာဝဘေးအန္တရာယ် ကြုံရနိုင်ခြေလျှော့ချဖို့ အကြောင်းတွေ၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ နေထိုင်ရေးကိစ္စတွေက အစီရင်ခံစာတွေထဲမှာပဲ။ စာရွက်ပေါ်မှာပဲ ဖြစ်နေတာ။ တကယ့်လက်တွေ့မှာ စစ်အစိုးရလက်ထက်ရော ဒီမိုကရေစီအစိုးရတွေလက်ထက်မှာရော ရင်းမြစ်တွေ ရှာဖွေစုဆောင်းထားဖို့၊ ဒီကိစ္စတွေကို ထိထိရောက်ရောက်နဲ့ စွမ်းဆောင်ရည်အပြည့်ဆုံးဖြည့်အောင် ဆောင်ရွက်ဖို့ အရေးမှာ တောက်လျှောက် လျစ်လျူရှုခဲ့ကြတာပဲ။ ပြည်သူတွေအနေနဲ့က ပြဿနာကြုံရင် ကြုံသလို ဖြစ်သလို ဖြေရှင်းနေကြရတာ။ ဘေးအန္တရာယ်တွေ ကြုံလာတိုင်းလည်း ပြည်သူတွေ အချင်းချင်း ဝိုင်းဝန်းခဲ့ကြရတယ်။ ကျန်နေသေးတဲ့ သဘာဝရင်းမြစ်ကောင်းတွေကလည်း အနည်းဆုံးတော့ ဘေးဒဏ်သင့်တဲ့သူတွေကို ရေနဲ့အစားအစာတွေ၊ အရေးပေါ်ပစ္စည်းတွေ ထောက်ပံ့ခြင်းအားဖြင့် အသက်ရှူပေါက်လေးတော့ နည်းနည်းပေးတယ် ဆိုရမှာပါ။
ဒါပေမဲ့လည်း ခုလက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် သဘာဝပတ်ဝန်းကျင်အရေးကိစ္စပိုင်းမှာ အနှောင့်အယှက် အကြီးကြီးဖြစ်သွားတယ်။ လူမှုရင်းမြစ်တွေရော၊ သဘာဝရင်းမြစ်တွေပါ မြန်မြန်ကြီး ယုတ်လျော့နေရတယ်။
ဆရာ့ရဲ့အကြီးမားဆုံးစိုးရိမ်မှုနဲ့မျှော်လင့်ချက်တွေကဘာတွေဖြစ်မလဲ။သဘာဝပတ်ဝန်းကျင်/ ရေရှည်တည်တံ့ရေးအပေါ်ပိုပြီးဂရုမစိုက်တာကြောင့်လာမယ့်နှစ်တွေအတွင်းသို့မဟုတ်အရပ်သားအစိုးရအောက်ပြန်ရောက်တဲ့အခါကျရင်ဘာတွေရင်ဆိုင်ရနိုင်ပါသလဲ။
ဦးဝင်းမျိုးသူ။ ။ ကျွန်တော်အစိုးရိမ်ဆုံးကတော့ လူသားရင်းမြစ်၊ လူမှုရင်းမြစ်၊ သဘာဝရင်းမြစ် စသည်အားဖြင့် ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဂေဟစနစ်ကြီးကို ဆက်သယ်ဆောင်သွားနိုင်စွမ်းတွေ ရဲ့ သဘာဝ အလျောက် ေလျှာက် ပြန်လည်ပြည့်ဖြိုးရုန်းထရှင်သန်နိုင်စွမ်းရည် နိမ့်ပါးသထက် နိမ့်ပါးလာပြီး ပတ်ဝန်းကျင် ဝန်ဆောင်မှု ပေးနိုင်စွမ်းအား ေဆာင်မှုေပးနိုင်စွမ်းအား အနိမ့်ဆုံးကို ရောက်သွားမှာကိုပဲ။ နောက်ပြီး ရာသီဥတု ပြောင်းလဲမှုကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု တိုးတက်လာစေဖို့ရာအတွက် လိုအပ်တဲ့ အနေအထားအဆင့်ကိုတောင်မှ ပြန်မရတော့ဘဲ နာလန်ပြန်မထူနိုင်ဖြစ်သွားမှာကိုပဲ။
ဥပမာပေးရရင် မာယာနဲ့ ဘေဘီလုံခေတ် လူ့အဖွဲ့အစည်းတွေလိုပေါ့။ သဘာဝပတ်ဝန်းကျင် ပြဿနာအချို့နဲ့ သူတို့ကြုံရတဲ့ အနှောင့်အယှက်တွေကြောင့် အဲဒီ လူ့အဖွဲ့အစည်းတွေ ပျက်စီးပြီး ပျောက်ကွယ်သွားခဲ့ရတယ်။ နောင်ငါးနှစ်အထိ ခုအတိုင်း ဆက်သွားနေမယ်ဆိုရင် နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတွေကြောင့် ဒုက္ခခံစားရမယ့် လူဦးရေဟာ အနည်းဆုံး ၁၀ သန်းလောက်အထိ ရှိလာလိမ့်မယ်။ တိုင်းပြည်ပြင်ပကို ထွက်ခွာကြသူတွေ ပိုများလာပြီး ရေရှည်မှာ ဒေသတွင်း တည်ငြိမ်ရေးကို နှောင့်ယှက်လာလိမ့်မယ်။
ဖက်ဒရယ်ပြည်ထောင်သစ်ပဲဖြစ်ဖြစ်၊ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ်ပေါက်လာမယ့်အနာဂတ်နိုင်ငံသစ်မှာဒါတွေရဲ့အခန်းကဏ္ဍကဘယ်လိုရှိသလဲ။
ဦးဝင်းမျိုးသူ။ ။ ကျွန်တော်တို့တွေ ဘယ်လိုပဲ စိတ်ကူးယဉ်နေကြပါစေ (ခုလက်ရှိ စစ်အစိုးရ စစ်အုပ်ချုပ်ရေး မရှိတော့ဘူး ေရး မရှိေတာ့ဘူးကို ဖယ်ရှားပစ်လိုက်နိုင်တယ် ထားဦး) ဖက်ဒရယ်နိုင်ငံတစ်ခု ပေါ်ပေါက်လာစေဖို့ လိုအပ်တဲ့ စုစည်းခိုင်မာမှုမျိုး တည်ဆောက်ဖို့ရာ ကျွန်တော်တော့ လမ်းမမြင်ဘူး။ မြန်မာပြည်အတွက် အဖြစ်နိုင်ဆုံးအနေအထားကတော့ နိုင်ငံငယ်လေးတွေအဖြစ် ပြိုကွဲသွားမဲ့အလားအလာပဲ။ဖို့ပါပဲ။
(*စစ်တပ်ကအာဏာလုယူလိုက်သည့်ယခင်အရပ်သားအစိုးရသည်၂၀၂၀စက်တင်ဘာအတွင်းအဆိုပါနေရောင်ခြည်စွမ်းအင်စီမံကိန်းများအတွက်တင်ဒါခေါ်ယူခဲ့သည်။သတင်းများအရအာဏာသိမ်းပြီးနောက်ပိုင်းသဘောတူစာချုပ်အများစုကိုတင်ဒါအောင်သူများကလက်မှတ်မထိုးကြပေ။)
This conversation has been edited lightly for brevity and clarity. – Ed.
(END/Reporting ASEAN)
Read also | Myanmar’s Multiple Crises: A Recipe for Disaster or click below