ဖိလစ် ဂိုလင်ဂိုင်၊ အာဆီယံသတင်း အစီအစဉ်
Read this in English | in Thai
ကွာလာလမ်ပူ | 5 April 2021
ကဂျန် (Kajang) ဆိုသည့် ရပ်ကွက်သည် မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူမှ ကီလိုမီတာ ၃၀ ခန့်အကွာတွင် တည်ရှိသော ရွှေ့ပြောင်းအလုပ်သမားများနေထိုင်ရာ အရပ်ဖြစ်သည်။ ယင်းရပ်ကွက်သည် ကျွဲမွေးမြူရေးခြံနှင့် အလား သဏ္ဍာန်တူ၍ ညစ်ပတ်နံစော်နေပေသည်။ ဒီဇင်ဘာလတွင် ထိုရပ်ကွက်ကို စီးနင်းရှာဖွေမှု ပြုလုပ်ခဲ့ချိန်၌ မလေးရှား လူသားအရင်းအမြစ်ဝန်ကြီးဌာန ၀န်ကြီး အမ်ဆာရဝန်အား လွန်စွာတုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ လက်အိပ် ထုတ်လုပ်သည့် နိုင်ငံခြားသား စက်ရုံလုပ်သား ရ၅၁ ယောက်သည် ၁ ဒဿမ ၅ မီတာမြင့်သော ပစ္စည်းသိုလှောင်သည့် ကွန်တိန်နာ သေတ္တာ ၂ ခုအတွင်း၌ နေထိုင်နေခဲ့ကြသည်ကို တွေ့လိုက်ရသည်။ ထို ကုန်သေတ္တာ ၂ လုံးသည် အမှန်ဆို လျှင် လူ ၁၀၀ ခန့်သာဆန့်ပေသည်။
၀န်ကြီး အမ်ဆာရဝန်၏ ပြန်လည်ပြောပြချက်အရ မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်သော နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၁၀ ယောက်အနက် ၉ ယောက်သည် အစိုးရသတ်မှတ်ချက် စံချိန်စံညွှန်းစည်းမျဉ်းများနှင့် မညီညွတ်သော နေရာထိုင်ခင်းများတွင် နေထိုင်နေကြရသည်ဟု ဆိုသည်။
အိမ်နီးချင်း စင်္ကာပူနိုင်ငံတွင် မကြာသေးမီအချိန်ကာလအထိ အခန်းကျဉ်းတခုအတွင်း နှစ်ထပ်ဆင့်ကုတင်များဖြင့် ရွှေ့ပြောင်းအလုပ်သမား ၂၀ ခန့်နေထိုင်ကြရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်မီက အလုပ်သမားအရေအတွက် မည်မျှဆိုလျှင် အခန်းအကျယ်အဝန်း မည်မျှရှိရမည်ဆိုသည့် ဥပဒေပြဋ္ဌာန်းချက်မျိုး မရှိခဲ့ပေ။ ထိုကဲ့သို့သော ပြည့်ကျပ် ညပ်နေသော အခန်းကျဉ်းအတွင်း ကိုဗစ်-၁၉ မကူးစက်ရေးအတွက် အချင်းချင်း ခပ်ခွာခွာနေကြရန်ဆိုသည်မှာ ဖြစ်နိုင် စရာမရှိပေ။
ခြုံငုံ၍ ပြောရလျှင် ကိုဗစ်-၁၉ ရောဂါက မလေးရှားနှင့် စင်္ကာပူနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားနေထိုင်ရသည့် ထိတ်လန့်ဖွယ်ရာ အခြေအနေများကို ထုတ်ဖေါ်ပြသလိုက်ကြောင်း တွေ့ရသည်။ ထို ရွှေ့ပြောင်းအလုပ်သမားများသည် ယင်းနိုင်ငံများ၏ လူအဖွဲ့အစည်းအတွင်း အတူတကွ နေထိုင်လျှက်ရှိကြသော်လည်း နေစဉ်နေထိုင်မှုဘဝ၌ ထိုကိစ္စမှာ မမြင်သာဘဲ ရှိနေသည်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများ ပြွတ်သိပ်ကျပ်ညပ်စွာ ညစ်ညစ်ပတ်ပတ်နေထိုင်ကြရခြင်းသည် ထိုနိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားရခြင်း၏ အကြောင်းရင်းများအနက် တခုဖြစ်သည်။ ကမ္ဘာ့တောင်ခြမ်း-မြောက်ခြမ်း အခြေ အနေလေ့လာအကဲခတ်သည့် အစိုးရမဟုတ်သော မလေးရှားအခြေစိုက်အဖွဲ့တခု၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး အာဒရီယန် ပေရီးရာ (Adrian Pereira) က လူမှုရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှု ပေးရာ၌ ရွှေ့ပြောင်းအလုပ်သမား နိုင်ငံခြား သားများအား မိမိတို့၏ နိုင်ငံသားပြည်သူများနှင့် ခွဲခြားဆက်ဆံမှု မပြုလုပ်သင့်ဟု ပြောကြားထားသည်။
သို့ရာတွင် ကပ်ရောဂါဖြစ်ပွားမှု တနှစ်ကျော်လာခဲ့ပြီးနောက် နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများ လက်ခံသော အာဆီယံ နိုင်ငံ လူ့အဖွဲ့အစည်းများတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝအခြေအနေမျာကို ပိုမို၍ စာနာနားလည် လက်ခံလာကြ ပြီလားဟု မေးစရာရှိသည်။?
ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝကို ပိုမို၍ စာနာနားလည် လက်ခံလာနိုင်ခြင်း မရှိသေးပါဟု ရွှေ့ပြောင်းအလုပ်သမား များ၏ အခွင့်အရေးအတွက် ဆောင်ရွက်နေကြသော တက်ကြွလှုပ်ရှားသူများက ဆိုသည်။ သတင်းမီဒီယာ အစီရင်ခံချက် များကို ဖတ်ရှုကြရပြီးနောက် စင်္ကာပူနိုင်ငံသားများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ နေထိုင်ရေးအခြေအနေ နှိုးဆော်မှုများကို ပြီးခဲ့သည့်နှစ်က သိရှိခဲ့ကြသော်လည်း ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝကို စာနာနားလည် လက်ခံ လာနိုင်ခြင်း မရှိသေးဟု ဆိုသည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ နေထိုင်စားသောက်မှုဘဝကို မည်သူကမျှ စာနာနားလည်ခြင်း မရှိသေးပါ။ အဘယ်ကြောင့် ဆိုသော် ရွှေ့ပြောင်းအလုပ်သမားများ၏ ဆင်းရဲဒုက္ခကို စင်္ကာပူနှင့် မလေးရှားနိုင်ငံသားအများစုက ဖုံးကွယ်ထားကြ၍ ဖြစ်သည်ဟု အင်ဒီဟော (Andy Hall)က ဆိုသည်။ အင်ဒီဟောသည် နီပေါနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးဆိုင်ရ ကျွမ်းကျင်သူဖြစ်သည်။
“ဒါပေမယ့် ကိုဗစ်-၁၉ ဖြစ်လာပြီးတဲ့နောက်မှာတော့ နေရာထိုင်ခင်းတွေကြောင့် ပြည်သူတရပ်လုံးရဲ့ကျန်းမာရေးကိစ္စအပေါ် သက်ရောက်မှုရှိလာတာ သိရှိလာကြတယ်။ ဒါကြောင့် နေရာထိုင်ခင်းတွေ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပါတယ်။” ဟု အင်ဒီယောက ဆိုသည်။
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို ဆန့်ကျင်သည့် အမုန်စကားများ ရေးသားဖေါ်ပြမှု အများအပြားကို ယခင် နှစ်က ဆိုရှယ်မီဒီယာပေါ်တွင် လေ့လာတွေ့ရှိရကြောင်း အာဒရီယန် ပေရီးရာ (Adrian Pereira) က ဆိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကျရောက်သည့်ကာလ စင်္ကာပူအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆီလျော်သော နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက် မပေးမီက အခြေအနေများကို ရှင်းလင်းပြောဆိုရင်း “အခြေအနေတွေက အတော်ကို ထိတ်လန့်စရာကောင်ပါတယ်။” ဟု အင်ဒီယောက ဆိုသည်။
“ရွှေ့ပြောင်းအလုပ်သမားတွေဟာ စက်ရုံတွေထဲကနေ အပြင်ထွက်ခွင့် မရကြဘူး။ သူတို့နေထိုင်ရာ နေရာတွေကနေ အပြင်ထွက် ဈေးဝယ်ခွင့်တောင် မရခဲ့ကြဘူး။ အလုပ်ရှင်တွေရဲ့ အမိန့်သြဇာတွေအောက်မှာ သူတို့နေခဲ့ရတာကို ကျနော်တို့ မြင်ခဲ့ရတယ်။” ဟု အင်ဒီယောက ပြောပြသည်။
မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အဓိက အလုပ်အကိုင်ရှာဖွေရာ အာဆီယံ နိုင်ငံများဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မလေးရှားတွင် ရွှေ့ပြောင်းအလုပ်သမား ၃ ဒဿမ ၂၆ ခန့်ရှိသည်။ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလိပိုင်တို့အပြင် နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ လာရောက်လုပ်ကိုင်ကြသည်။ အိမ်အကူ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ပြုပြင်ရေးလုပ်ငန်းများတွင် အလုပ်သမားအင်အားစု တခုလုံး၏ ၂၀ ရာခိုင်နှုန်းကျော် ၀င်ရောက်လုပ်ကိုင်နေကြသည်။ လူဦးရေ ၅ ဒဿမ ၉ သန်းရှိသော စင်္ကာပူနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ (၁ ဒဿမ ၅) သန်းနီးပါးရှိသည်။ အင်ဒိုနီးရှား၊ ဖိလိပိုင်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ အများစုဖြစ်သည်။ စင်္ကာပူ၏ အလုပ်သမား အင်အားစု တခုလုံး၏ ၃၇ ရာခိုင်နှုန်းသည် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကျရောက်ချိန်မှ စတင်၍ စင်္ကာပူတွင် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖေါ်ခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြွတ်သိပ်ကျပ်ညပ်မှုမရှိသော နေထိုင်စရာ ရပ်ကွက်အသစ်များ စတင်ဆောက်လုပ် ခဲ့သည်။
မလေးရှားအစိုးရကလည်း အလုပ်သမားအိမ်ယာများဆောက်လုပ်ရာ၌ အလုပ်ရှင်များ လိုက်နာရ မည့် အနိမ့်ဆုံး စံချိန် စံညွှန်းများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ဥပမာအားဖြင့် တယောက်အိပ် ကုတင်နှင့် မွေ့ယာများကို အလုပ်သမားများအကြား အတူမျှဝေအသုံးပြုခြင်း မပြုရခြင်းမျိုး ဖြစ်သည်။ ထို့ပြင် အလုပ်ရှင်အနေဖြင့် အလုပ်သမားအိမ်ယာများတွင် ရေနှင့် လျှပ်စစ်စွမ်းအင် အလုံအလောက်ရရှိရန် အာမခံရသည်။
သို့တိုင်အောင် ကပ်ရောဂါဘေး ကြုံတွေခံစားနေရသော ကာလတွင် ခွဲခြားဆက်ဆံခံရမှု အသစ်များပေါ်ပေါက်နေသဖြင့် ရွှေ့ပြောင်းအလုပ်သမားတို့၏ အခြေအနေမှာ အကူအညီမဲ့နေဆဲ ဖြစ်သည်။ တနည်းအားဖြင့် ရွှေ့ပြောင်းအလုပ်သမား များသည် အကူအညီလိုအပ်နေသည့် အလုပ်သမားအစုအဖွဲ့ဖြစ်နေဆဲ ဟုဆိုနိုင်သည်။
ရွှေ့ပြောင်းအလုပ်သမားများအား လူမှုဖူလုံရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ပေသည့် အစီအစဉ်များမှ လုပ်ရိုးလုပ်စဉ်အရ ဖယ်ထားခြင်းမျိုး ဖြစ်သည်။ ဥပမာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် အလုပ်ရပ်နေသည့်အခါ ငွေကြေးကူညီထောက်ပံ့မှု ရရှိခြင်းမျိုး ဖြစ်သည်။
“ပြည်တွင်းအလုပ်သမားတွေအတွက် အစိုးရက ငွေကြေးထောက်ပံ့တဲ့အစီအစဉ်တွေ လုပ်ပေးပေမယ့်၊ ရွှေ့ပြောင်းအလုပ် သမားတွေအတွက် ငွေကြေးသက်သာခွင့်ရရှိဖို့ဆိုတာမျိုးက မရှိသလောပ်ပါပဲ။” ဟု ဂျိုလိုဗန် ၀ှမ်း (Jolovan Wham) က ဆိုသည်။ Jolovan သည် စင်္ကာပူအခြေစိုက် Transformative Justice Collective အဖွဲ့မှ လူမှုရေးဝန်ထမ်းဖြစ်သည်။
လီဝေါ့အန် (Lee Hwok Aun) သည် ISEAS-Yusof Ishak Institute တွင် အမှုထမ်းနေသော အဆင့်မြင့်ဝန်ထမ်းဖြစ် သည်။ ကပ်ရောဂါ ဘေးဥပဒ် ကျရောက်ချိန်တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေမှာ ပိုမို၍ အန္တရာယ်ရှိ ကြောင်း ကိုဗစ်-၁၉ ဖြစ်ရပ်ကို ဥပမာပေး၍ လီဝေါ့အန် က ပြောကြားသည်။ လီဝေါ့အန်၏ အဆိုအရ ရွှေ့ပြောင်း အလုပ် သမားများအတွက် အလုပ်တာဝန် ကြီးလေးလှသော်လည်း လုံလောက်သည့် ဥပဒေအကာအကွယ်မရှိဟုဆိုသည်။ထို့ပြင် နေထိုင်စရာ အိမ်ယာများကလည်း ညံ့ဖျင်းလွန်းသည်ဟု သူက ဆိုသည်။ ကပ်ရောဂါကလည်း အန္တရာယ်ထပ်ဆင့်ပေးရန် ရှိနေပြီး၊ ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ကုန်ထုတ်လုပ်ရေး လုပ်ငန်းခွင်၌ဖြစ်စေ၊ လုပ်သားအင်အားအများအပြားဖြင့် လုပ်ကိုရသော အစုအဖွဲ့၌ဖြစ်စေ ရှိနေကြရသည်။ တနည်းအားဖြင့် အိမ်တွင်နေရင်း အလုပ်လုပ်ခွင့်ကဲ့သို့သော အလုပ်အကိုင် ရွေးခွင့်မရရှိကြကြောင်း သူက ထောက်ပြသည်။

ထို့ပြင် လီဝေါ့အန် က ထပ်ဖြည့်ပြောသည်မှာ ရွှေ့ပြောင်းအလုပ်သမားများအတွက် တိုးတက်ကောင်းမွန်မှုအချို့လည်း ရှိသည်ဟု ဆိုသည်။ ဥပမာအာဖြင့် မလေးရှားအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးအဖွဲ့တွင် စာရင်းသွင်း အကျိုးခံစားခွင့် ပြုလိုက်ပြီဟု လီဝေါ့အန်က ဆိုသည်။
အန်ဒီဟော က ပိုမို ကျယ်ပြန့်သည့်အမြင်ဖြင့် ပြောရာတွင် အဓိက စိန်ခေါ်မှုသည် ကိုဗစ်-၁၉ ကြောင့် ရရှိလာသည့် အကာအကွယ်ပေးမှုမျှသာ မဟုတ်ဘဲ၊ အခြေခံ လူ့အခွင့်အရေးများ ရရှိရေးဖြစ်သည်ဟု ဆိုသည်။
“အရင်ရှင်ကုမ္ပနီကြီးတွေနဲ့ မလေးရှားနိုင်ငံ အစိုးရလို အဖွဲ့အစည်းတွေက အလုပ်သမားတွေကို သူတို့လိုချင်တဲ့အခါ ခေါ်ယူ အသုံးပြုပြီး၊ မလိုတော့တဲ့အခါ အလုပ်သမားတွေကို ကန်ထုတ်လိုက်တာမျိုး၊ အဲဒါကြောင့် အလုပ်သမားတွေမှာ ပိုက်ဆံမရှိ ၀င်ငွေမရှိ ဖြစ်ကြရတယ်။ ဒါတင်မက အလုပ်ရဖို့အတွက် သူတို့ကုန်ကျခဲ့ရတဲ့ စရိတ်တွေကြောင့် သူတို့မှာ အကြွေးတင်ကြရပြန်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါက စနစ်တကျ ရွှေ့ပြောင်းသွားလာနေထိုင်မှု ဖြစ်စဉ်ကျိုးပျက်သွားပြီဖြစ် ကြောင်းနဲ့အလုပ်မဖြစ်တော့ကြောင်း ပြသခဲ့ပြီ ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ လူသားတွေ မဟုတ်တော့သလို ပြုမူဆက်ဆံခံနေကြရတယ်။ စင်္ကာပူမှာလည်း အတူတူပါပဲ။” ဟု အန်ဒီဟော က ထပ်လောင်းပြောကြားသည်။
အာဆီယံအဖွဲ့အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပိုမိုကောင်းမွန်သော လူမှုကာကွယ်စောင့်ရှောက်ရေး အစီ အစဉ်ကို ၎င်း၏ ကိုဗစ်-၁၉ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေး စီမံကိန်းတွင် ထည့်သွင်းမည်ဟု ဆိုသည်။ မည်သူမျှ ကိုဗစ်-၁၉ ရောဂါ ကင်းလွတ်ခွင့် မရှိနိုင်သည့်အလျောက် အာဆီယံအစီအစဉ်တွင် ခရီးသွားကျန်းမာရေးအာမခံပါ၀င်မည် ဖြစ် နိုင်ငံခြား၌လည်း အသုံးပြုခွင့် ရှိမည်ဟု ဆိုသည်။ ယင်း အာဆီယံအာမခံအစီအစဉ် အကောင်အထည်ပေါ်လာမည် ဆိုပါက ၂၀၁၇ ခုနှစ် အာဆီယံရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေး သဘောတူညီချက် ကိုပင် ကျော်လွန်သွားဖွယ် ရှိပေသည်။
ယင်းအစီအစဉ်သည် အချိန်သင့်အခါသင့် လိုအပ်ချက်နှင့် ကိုက်ညီသည့် အကြံအစည်ဖြစ်သည်ဟု လီဝေါ့အန် (Lee Hwok Aun) က ဆိုသည်။ “ဒါပေမယ့် အာဆီယံမှာ ရှိတဲ့ အခြားကိစ္စတွေလိုပဲ ဒီကိစ္စကို ယုံကြည်ဖို့ကလည်း ခက်ခဲပါ လိမ့်မယ်။ စကားအရတော့ လှပပေမယ့် ဘယ်နည်းဘယ်ပုံအကောင်အထည်ဖေါ်မှာလဲ ဆိုတာက ဒွိဟဖြစ်နေရဆဲရှိပါ တယ်။ နောက်ပြီး နိုင်ငံအလိုက် အလုပ်သမားဥပဒေတွေနဲ့ လူမှုဖူလုံရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ စံချိန်စံညွှန်းတွေ ကလည်း အပြောင်းအလဲတွေရှိနေတယ်။” ဟု လီဝေါ့အန် က ဆိုသည်။
သို့ရာတွင် ဤကိစ္စသည် အနည်းဆုံး အစပျိုးမှု တခုဖြစ်နိုင်သည်ဟု အာဒရီယန် ပေရီးရာ (Adrian Pereira) က ဆိုသည်။
“ဒီ အစီအစဉ်ကို ကျင့်ဝတ်ပိုင်းဆိုင်ရာ စံချိန်စံညွှန်း တခုအဖြစ် ကြိုဆိုသင့်တယ်လို့ထင်ပါတယ်။ နောက်ပိုင်း တချိန်ချိန်မှာ
ဥပဒေနဲ့အညီ ခိုင်လုံမှုရရှိလာနိုင်တယ်လို့ယူဆပါတယ်။” ဟု သူက ဆိုသည်။
အန်ဒီဟော ကမူ ယခုကိစ္စသည် အသစ်အဆန်းမဟုတ်ဟု ဆိုသည်။ “ဒီကိစ္စက အာဆီယံနိုင်ငံတွေအတွင်းမှာ လူမှုရေး ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး ကိစ္စအနေနဲ့ဆွေးနွေးနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံနိုင်ငံတခုချင်း အနေနဲ့ သူတို့ဒေသတွင်း အလုပ်သမားတွေအတွက် တရားဝင်လူမှုရေးဆိုင်ရာကာကွယ်စောင့်ရှောက်ရေးစနစ် မရှိပါဘူး။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူမှုရေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အခြေခံယူဆချက်ဆိုတာမျိုး လည်း အခုအထိ စိတ်ကူးအဆင့်မှာပဲ ရှိပါသေးတယ်။” ဟု အန်ဒီဟော က ရှင်းပြသည်။
“အရင်ရှင်ကုမ္ပနီကြီးတွေနဲ့ မလေးရှားနိုင်ငံ အစိုးရလို အဖွဲ့အစည်းတွေက အလုပ်သမားတွေကို သူတို့လိုချင်တဲ့အခါ ခေါ်ယူ အသုံးပြုပြီး၊ မလိုတော့တဲ့အခါ အလုပ်သမားတွေကို ကန်ထုတ်လိုက်တာမျိုး၊”
ပေရီးရာ (Pereira) က ရွှေ့ပြောင်းအလုပ်သမားများသည် စင်္ကာပူနှင့် မလေးရှားနိုင်ငံတို့၏ အလုပ်သမားအင်အားစုဖြစ် သကဲ့သို့စီးပွားရေးအင်အားစုလည်းဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ကပ်ရောဂါကျရောက်ပြီးနောက် ရွှေ့ပြောင်းအလုပ် သမားတို့အတွက် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များ စနစ်တကျ အသက်ဝင်ဖို့လိုသည်ဟု ဆိုသည်။
“ကျွန်တော့်အမြင်အရတော့ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အခြားရွေးစရာ မရှိပါဘူး။” ဟု ပေရီးရာက ဆိုသည်။
လီဝေါ့အန် က မလေးရှား အလုပ်ရှင်များအနေဖြင့် အလုပ်သမားများရှေ့ရေးအတွက် ငွေစုရန် တာဝန်ပေးခြင်းကိစ္စကို ဆန့်ကျင်သည့် မဲဆွယ်မှုလုပ်သင့်သည်ဟု မျှော်လင့်ကြောင်း ပြောသည်။ အလုပ်ခွင်မတော်တဆမှုများနှင့် ထိခိုက် အနာ တရဖြစ်မှုများအတွက် နိုင်ငံတော်က ကျယ်ကျယ်ပြန့်ပြန့်တာဝန်ယူထားသည့်အလျောက် ဒေသန္တရအဆင့်တွင်လည်း သင့်လျော်သည့် အထောက်အပံ့များ ပေးသင့်သည်ဟု ၎င်းက ဆိုသည်။

မလေးရှားနှင့် စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်ကဲ့သို့သော လူမှုအထောက်အကူပြု အစီအစဉ်မျိုးက အကျိုးအရှိဆုံး ဖြစ်မည်နည်း။?
လီဝေါ့အန် (Lee Hwok Aun) – “အစိုးရတွေအနေနဲ့ အစီအစဉ်တွေချမှတ်ရာမှာ ဦးဆောင်မှု ပေးကြရမယ်။ တချိန်တည်း မှာ အစိုးရတွေက ကြားခံစီမံဆောင်ရွက်သူ အစီအစဉ်ဆက်စပ်ဆောင်ရွက်ပေးသူတွေ အဖြစ် တာဝန်ယူရမယ်။”
ပေရီးရာ (Pereira) – “ကျွန်တော်တို့အနေနဲ့ မလေးရှားမှာ သန်မာတောင့်တင်းပြီး ခံနိုင်ရည်ရှိတဲ့ အလုပ်သမားသမဂ္ဂတွေ ရပ်တည်ခွင့်ရှိရေး အာမခံရမယ်။ အဲဒီ သမဂ္ဂတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေ လက်တွေ့အခန်းကဏ္ဍက ပါ၀င်လှုပ်ရှား မှာ ပါ၀င်ခွင့် ရရှိစေရမယ်။”
ဂျိုလိုဗန် ၀ှမ်း (Jolovan Wham) – “သူတို့အတွက် အလုံးစုံ ကျန်းမာရေး အာမခံရပိုင်ခွင့် ရှိစေရမယ်။ အစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အသက်ရှင်ရပ်တည်ရေးအပေါ် ကပ်ရောဂါသက်ရောက်မှုဒဏ် ခံသာအောင် အထောက် အကူ ပိုမိုစီစဉ်ပေးအပ်ဖို့ လိုပါတယ်။”
အင်ဒီဟော (Andy Hall) – “ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးမယ့် လူမှုရေးအကာအကွယ်ပေးမှု အစီအစဉ်တွေဟာ ပြည်တွင်းက နိုင်ငံသားတွေကို ပေးတဲ့ လူမှုဆိုင်ရာ အကာအကွယ်ပေးတဲ့ အစီအစဉ်တွေနဲ့ တန်းတူဖြစ်ဖို့လိုပါတယ်။”
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကိစ္စအတွက် လူသိများထင်ရှားသည့် ချိတ်ဆက်လုပ်ဆောင်မှုကို “Kita Jaga Kita” ဟု ခေါ်ဆိုကြသည်။ အဓိပ္ပါယ်မှာ (ကျွနှု်ပ်တို့အချင်းချင်း အပြန်အလှန်ကူညီကြသည်) ဟု ဆိုလိုသည်။ စင်္ကာပူတွင်မူ အလားတူ လှုပ်ရှားမှုကို “အတူတကွ လက်တွဲဆောင်ရွက်ခြင်းဖြင့် ကျွနှု်ပ်တို့ အခက်အခဲကို ကျော်လွှားနိုင်သည်!” ဟု ခေါ်တွင်သည်။
” ကျွနှု်ပ်တို့” ဆိုသည့် စကားလုံး၌ ရွှေ့ပြောင်းအလုပ်သမားများလည်း ပါ၀င်သင့်ပေသည်။။။။
(*ဤသတင်းဆောင်းပါးသည် အာဆီယံသတင်းအစီရင်ခံခြင်းအစီအစဉ်မှ အရှေ့တောင်အာရှသတင်းမြင်ကွင်းအခန်းဆက် ကဏ္ဍ၏ အစိပ်အပိုင်းဖြစ်ပါသည်။)