Home » #mediaonmedia » ပြည်တွင်းမှာအဖမ်းခံမလား၊ ပြည်ပမှာ အငတ်ခံမလား’ – လုံခြုံရေးနှင့် စားဝတ်နေရေး ကိစ္စနှစ်ချက်က မြန်မာသတင်းသမားများ စိတ်အပူဆုံးဖြစ်နေ
#mediaonmedia

ပြည်တွင်းမှာအဖမ်းခံမလား၊ ပြည်ပမှာ အငတ်ခံမလား’ – လုံခြုံရေးနှင့် စားဝတ်နေရေး ကိစ္စနှစ်ချက်က မြန်မာသတင်းသမားများ စိတ်အပူဆုံးဖြစ်နေ

Read here in English

ဘန်ကောက်၊ ၁၄ မတ် ၂၀၂၂

သတင်းအလုပ် လုပ်ကိုင်သူများအပေါ် ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်၏ ရိုက်ခတ်မှုအကြောင်း ဖွင့်ဆိုရှင်းပြစစ်တမ်းတခုပြုလုပ်ခဲ့ရာတွင် ဘေးကင်းလုံခြုံရေး၊ သတင်းအလုပ်မှ လုံလောက်သည့် လုပ်ခကြေးငွေ ရရှိရေးတို့သည် မြန်မာ သတင်းသမားများ ရင်ဆိုင်နေရသည့် အကြီးမားဆုံး အခက်အခဲများဖြစ်သည်ဟု ထိုစစ်တမ်းပါ သဘောထားများ အရ သိရသည်။ 

ပြည်ပသို့တိမ်းရှောင်နိုင်သော်လည်း၊ သို့မဟုတ် ပိုမိုလုံခြုံမည့်နေရာသို့ ရွှေ့ပြောင်းပြီးနောက်တွင်လည်း သတင်းသမား များအနေဖြင့် ဝင်ငွေပုံမှန်ရရှိနေသည် သို့မဟုတ် အလုပ်တွင် လုံခြုံမှုတခုရရှိနေသည်ဆိုသော သဘော မသက်ရောက်ကြောင်း အဆိုပါအွန်လိုင်းစစ်တမ်းပါ ဖြေဆိုသူအချို့၏ မှတ်ချက်များအရ သိရသည်။ ထိုစစ်တမ်းကို Reporting ASEAN series က ၂၀၂၂ မတ်လအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လတ်တလော သတင်းသမားများကြုံတွေ့နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုများကို သိနိုင်ရန်အတွက် စိန်ခေါ်မှု ၆ ခု ပေးထားသည့်အနက်မှ ၃ ခုကို ရွေးချယ်ပေးရန် ပြောသည့်အခါ ဖြေဆိုသူများက ရုပ်ပိုင်းဘေးကင်းမှုကို ဦးစားပေးရွေးချယ်ကြကာ (၇၆ ရာခိုင်နှုန်း)၊ ‘မီဒီယာအလုပ်မှ ရှင်သန်နိုင်ရုံ လုပ်ခရခြင်း’ ကို (၅၆ ရာခိုင်နှုန်း)၊ ဒစ်ဂျစ်တယ်ဘေးကင်းမှုကို ၅၅ ရာခိုင်နှုန်းက အသီးသီး အဖြေပေးကြသည်။

ယခု အွန်လိုင်းမေးခွန်းပုံစံကို ဖြေဆိုကြသူများမှာ သတင်းထောက်မှ အယ်ဒီတာအထိ ပါဝင်ကြပြီး ၎င်းတို့၏ လေးပုံတစ်ပုံက ပေးသည့်အဖြေအရ သတင်းသမားများသည် ‘အလုပ်ရှာသည့်အပိုင်း/ အလုပ်ရှိသည်ဟု ပြောစရာရှိခြင်း’ ကိစ္စကို စိုးရိမ်အပူပန်ဆုံးဖြစ်သည်ဟု ဆိုကြသည်။

ထို့ပြင် စစ်တမ်းအဖြေများအရ မြန်မာနိုင်ငံတွင် သတင်းစာပညာကို အလုပ်အကိုင်တခုအဖြစ် လုပ်ကိုင်ရန် မသေချာဟု ခံစားနေကြကြောင်း မှန်းဆနိုင်သည်။ ယနေ့ သတင်းအလုပ် လုပ်ကိုင်နေကြသူများ၏ အတော်များသည့်ကိန်းဂဏန်း သို့မဟုတ် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းက နောင်တနှစ်အကြာတွင် သူတို့ဘာလုပ်နေမည်ဟု မမှန်းတတ် သို့မဟုတ် သတင်းလောကမှ ထွက်ခွာလိမ့်မည်ဟု ဆိုကြသည်။ 

“ပြည်တွင်းမှာ အဖမ်းခံမလား၊ ပြည်ပမှာ အငတ်ခံမလား (ဆိုတဲ့အခြေအနေ) ရှိသည်” ဟု အိမ်နီးချင်း နိုင်ငံတခုရောက် သတင်းသမား တဦးက ဖြေသည်။ “တဖက်တွင် လက်ရှိ ဆက်လက်ရပ်တည်နေဆဲ ပြည်ပရောက် သတင်းဌာနများတွင် ဘတ်ဂျက်အခက်အခဲ များစွာ ရှိနေသည်။​ ပြည်ပရောက် သတင်းသမားများကို စားဝတ်နေရေး ရပ်တည်မှု တာဝန်ယူရန် အကန့်အသတ်ရှိသည်” ဟု သူက ဆိုသည်။

ပြည်ပတွင် ခိုလှုံနေကြသည့် မြန်မာသတင်းသမားအများအပြားမှာ ငွေကြေးအထောက်အပံ့ကို အသည်းအသန် လိုအပ်နေကြပြီး သတင်းအလုပ်ဆက်လုပ်နိုင်ရန်နှင့် စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် ခေါင်းခြောက်အောင်စဉ်းစားနေကြရသည်ဟု ၎င်းက ဆိုသည်။ အများစုမှာ မြန်မာနိုင်ငံ ပြင်ပရှိ လူသိများပြီးသား သတင်းဌာနကြီးများထက် သတင်းဌာန အသေးလေးများမှာသာ လုပ်ကိုင်နေကြရသည်။ သတင်းသမား တယောက်ချင်းစီကို အရေးပေါ်သုံးငွေ ထောက်ပံ့နေခြင်းထက် ၎င်းတို့လို သတင်းသမားများကို အလုပ်ပြန်ခန့်နိုင်မည့် လွတ်လပ်သော သတင်းအေဂျင်စီ အသစ်များ ထူထောင်နိုင်အောင် ဘဏ္ဍာရေး အကူအညီပေးခြင်းက လွတ်လပ်သောမီဒီယာကဏ္ဍကို ပိုမိုကူညီရာရောက်သည်ဟု သူက အကြံပြုသည်။

“လက်ရှိ သတင်းသမားတွေမှာ လုံခြုံမှု အာမခံရှိမနေကြပါဘူး။ မြေပြင်သတင်းယူတာမှာ အခက်အခဲများစွာ ရှိနေကြပါတယ်။ ဆက်သွယ်ရေး၊ ခရီးလမ်းကြောင်း အဆင်မပြေတာတွေ၊ စားနပ်ရိက္ခာအစ အခက်အခဲ ရှိတာပါ။ တော်လှန်ရေးစစ်သားနဲ့ မခြား ခက်ခက်ခဲခဲ ရှင်သန်နေကြရတာ ဖြစ်ပါတယ်” ဟုလည်း ပြည်တွင်းမှာ ကျန်ခဲ့သည့် မြန်မာသတင်းသမားတစ်ယောက်က ပြောသည်။ 

ပြည်တွင်းမှနေ၍ သတင်းရေးသားပေးပို့နိုင်သည်ထားဦး၊ မလုံခြုံမှုနှင့် မယုံကြည်ရမှုတို့ကြောင့် ကွင်းဆင်း သတင်းယူဖို့၊ လူများနှင့် တွေ့ဆုံအင်တာဗျူးဖို့ စသည့် အခြေခံသတင်းလိုက်သည့် အလုပ်များကို လုပ်ဖို့ပင် ခက်ခဲနေသည်။ “သတင်းဖြေဆိုသူများက ယုံယုံကြည်ကြည် ဖြေဆိုလာစေရန် ကြိုးစားရပါတယ်” ဟု စစ်တမ်းဖြေဆိုသူ တဦးက ဆိုသည်။

“သတင်းစာဆရာများ၏ လုံခြုံမှုမရှိခြင်းက သတင်းအရည်အသွေးနှင့် တခြား စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေခဲ့ပြီး ပြည်သူများကြား သတင်းသိပိုင်ခွင့်များမှာလည်း စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်” ဟု ဖြေဆိုသူ တဦးက ဆိုပြန်သည်။

ယခုစစ်တမ်း ‘မြန်မာနိုင်ငံ၏ မီဒီယာလောက – အတွင်းမှလာသောအသံများ’ အတွက် ပါဝင်ဖြေဆိုသူဦးရေမှာ ၅၅ ဦးဖြစ်၍ ဘောင်ကျဉ်းသည်ဟု ဆိုနိုင်သည်။​ သို့သော် သတင်းထောက်အဖြစ် အမှန်တကယ် လုပ်ကိုင်နေသူများထံမှ အဖြေများ၊ ရင်တွင်းစကားများကို ရရှိလိုက်သည့်အတွက် တန်ဖိုးရှိပါသည်။ သတင်းသမား တဦးဖြစ်ရခြင်းတွင် အသက်နှင့် လုံခြုံရေး အန္တရာယ်များစွာရှိနေသော မြန်မာနိုင်ငံတွင် ဘေးကင်းရေးနှင့် ဆက်သွယ်ရေးစိန်ခေါ်မှုများ ရှိနေခြင်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါသည်။

ပြည်တွင်းမှာ အဖမ်းခံမလား၊ ပြည်ပမှာ အငတ်ခံမလား (ဆိုတဲ့အခြေအနေ) ရှိသည်” ဟု အိမ်နီးချင်း နိုင်ငံတခုရောက် သတင်းသမား တဦးက ဖြေသည်။ “တဖက်တွင် လက်ရှိ ဆက်လက်ရပ်တည်နေဆဲ ပြည်ပရောက် သတင်းဌာနများတွင် ဘတ်ဂျက်အခက်အခဲ များစွာ ရှိနေသည်။​ ပြည်ပရောက် သတင်းသမားများကို စားဝတ်နေရေး ရပ်တည်မှု တာဝန်ယူရန် အကန့်အသတ်ရှိသည်” ဟု သူက ဆိုသည်။

နောက်တနှစ်အကြာ

စစ်တမ်းဖြေဆိုသူ သတင်းသမား ၅၅ ဦးအနက် ၅၀ က သတင်းအလုပ်မှာ ဆက်လုပ်ကိုင်နေကြသည်။​ ကျန်ငါးဦးကမူ အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲဂယက်များကြောင့် သတင်းအလုပ်ကို စွန့်ခွာရသည်ဟု ဆိုသည်။ သတင်းလောကမှာ ဆက်ရှိနေသူများအနက် ၄၅ ရာခိုင်နှုန်းက နောက်တနှစ်အတွင်း လခရသည့် သတင်းသမားအဖြစ် ဆက်ရှိနေမည်ဟု မျှော်လင့်ကြောင်း၊ ၂၉ ရာခိုင်နှုန်းက နောင်တနှစ်အတွင်း ဘာလုပ်ဖြစ်နေမည်မှန်း မသိသေးကြောင်း၊ ၁၁ ရာခိုင်နှုန်းကမူ ‘သတင်းလောကအပြင်ဘက်’ မှာ ရှိမည်ဟု မျှော်လင့်ထားကြကြောင်း ဖြေသည်။

သတင်းအလုပ်မှ ထွက်သွားကြသူငါးဦးအနက် ၈၆ ရာခိုင်နှုန်းက ယခုလိုထွက်ရခြင်းမှာ ငွေရေးကြေးရေး ကြောင့်၊ သို့မဟုတ် လုံခြုံရေးအကြောင်းများကြောင့်၊​ သို့မဟုတ် နှစ်ခုစလုံးကြောင့်ဟု ဖြေသည်။


KEEP Myanmar Journos’ Survey Highlights Web

စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ပြီးကာလ မြန်မာနိုင်ငံကို မှန်းမျှော်ကြည့်ရှု၍ သတင်း လောကအတွက် ပြန်လည်တည်ဆောက်ရမည့် ကဏ္ဍများကို ဖော်ပြခိုင်းသည့်အခါ ဖြေဆိုသူများအနေဖြင့် မေးခွန်းပါ ပေးထားသည့်အဖြေ ၆ ခုအနက် ‘အာဏာသိမ်းပြီးမှဖြစ်စေ၊ မသိမ်းခင်ကတည်းကဖြစ်စေ ပြဋ္ဌာန်းထားသော၊ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသော ဥပဒေများကို ဖျက်သိမ်းခြင်း (ဥပမာ – ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ အာဏာသိမ်းပြီးနောက် ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က))’ ကို အပေါ်ဆုံးမှာ ထားပြီး အဖြေပြန်ပေးကြသည်။

“ရုတ်တရက် အလုပ်ရော ဘဝပါ ရိုက်ချိုးခံလိုက်ရသလို ဖြစ်သွားတယ်။ နောက်ပိုင်း တည်ငြိမ်တဲ့ မဏ္ဍိုင် တစ်ရပ်အနေနဲ့ မယိမ်းယိုင်နိုင်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ လိုတယ်” ဟု မီဒီယာလောကတွင် ဆယ်နှစ် နီးပါးမျှ ကျင်လည်ခဲ့သူတစ်ဦးက ဖြေသည်။ 

ဒုတိယစိန်ခေါ်မှုအဖြစ် သတ်မှတ်ခံရသည်မှာ ‘ပညာသည်အရည်အသွေး ပီသမှု’ ဖြစ်ပြီး ‘ဩဇာလောင်းရိပ် ကင်းလွတ်မှု’က နောက်က လိုက်သည်။ စိတ်ဝင်စားစရာအချက်မှာ ယခင်ကာကလများတုန်းက သင်တန်း အတော်များများနှင့် အကူအညီများ အများဆုံးပေးခဲ့သော နယ်ပယ်ဖြစ်သည့် ‘ဘေးကင်းရေး’ မှာ အဖြေ ၆ ခုတွင် အောက်ဆုံး၌ ပြန်စီခံရခြင်းဖြစ်သည်။

အထက်တွင် ဆွေးနွေးခဲ့သည့် လေးချက်အပြင် အဖြေစာရင်းပါ ကျန်စိန်ခေါ်မှုများမှာ ‘ဒေါင်ဒေါင်မြည် သတင်းသမားများကို ရှာဖွေရေး ရည်ရွယ်ချက်ဖြင့် အလွှာတူနယ်ပယ်တူသူများအကြား လွတ်လပ်သော သတင်းသမားအဖွဲ့အစည်းတစ်ခုကို ပြန်လည်ထူထောင်ခြင်း’ နှင့် ‘ဝင်ငွေဖူလုံစွာရရှိမှု’ တို့ဖြစ်သည်။

မီဒီယာလောကမှာ ဆက်လုပ်ကိုင်နေသူများရော၊ အာဏာသိမ်းပြီးနောက် ထိုလောကမှ ထွက်ခွာသွားသူများ ရော ပါဝင်သည့် စစ်တမ်းဖြေဆိုသူ ၅၅ ဦးအနက် ၅၅ ရာခိုင်နှုန်းက အမျိုးသား၊ ၄၅ ရာခိုင်နှုန်းက အမျိုးသမီး များ ဖြစ်သည်။ ဆယ်ဦးအနက် ရှစ်ဦးမှာ အသက် ၂၀ နှင့် ၃၉ အကြားရှိသည်။ ထက်ဝက်ကျော်ကျော် (၅၆ ရာခိုင်နှုန်း) က ပြည်တွင်းမှာ အခြေစိုက်ပြီး ၄၄ ရာခိုင်နှုန်းက ပြည်ပမှာ အခြေစိုက်ကြသည်။

လေးပုံသုံးပုံခန့်က မီဒီယာလောက၌ ၁၀ နှစ်အထိ လုပ်ကိုင်ခဲ့ကြပြီး ၉၅ ရာခိုင်နှုန်းမှာ အချိန်ပြည့် ဝန်ထမ်းများ ဖြစ်ခဲ့ကြသည်။ စုစုပေါင်း ၇၁ ရာခိုင်နှုန်းက မီဒီယာအဖွဲ့အစည်းအမျိုးမျိုးတွင် သတင်းထောက် သို့မဟုတ် ဓာတ်ပုံသတင်းထောက်များ အဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၂ ရာခိုင်နှုန်းက အယ်ဒီတာများ ဖြစ်သည်။ 

ဖြေဆိုသူအားလုံး၏ ထက်ဝက်ခန့်မှာ လူများစုဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစု ၁၁ စုမှ ဖြစ်ကြသည်။ ဖြေဆိုသူအားလုံးမှာ မြန်မာနိုင်ငံဇာတိဖြစ်ကြသော်လည်း ၎င်းတို့ထဲတွင် နိုင်ငံခြားသတင်းဌာနများတွင် လုပ်ကိုင်သူ သို့မဟုတ် ယင်းသို့ ပေးပို့နေသူများလည်း ပါဝင်သည်။ အာဏာသိမ်းပြီးနောက် နေရာရွှေ့နေရခြင်း သို့မဟုတ် အိမ်ပြောင်းရခြင်း၊ အလုပ်ဆုံးရှုံးခြင်း သို့မဟုတ် အလုပ်ပြောင်းခြင်း၊ သို့မဟုတ် တခြားတနည်းနည်းတို့ဖြင့် ထိခိုက်ခံစားကြရသူများချည်း ဖြစ်သည်။

ဘဝ နှင့် အလုပ်အကိုင်

သတင်းများတွင် ဦးစားပေးခေါင်းစီးတပ်ကြသည့် ကိစ္စမှာ သတင်းသမားများ၏ ‘ဘေးကင်းလုံခြုံရေး’ ဖြစ်သည်။ သို့သော်လည်း အထူးအားဖြင့် အာဏာသိမ်းပြီးနောက် အရေးပေါ်ကာလတွင် ထိုကိစ္စလောက် စိတ်ဝင်စားမှု မရသည့်ကိစ္စမှာ မြန်မာ့သတင်းမီဒီယာလောကရှိ လုပ်ငန်းခွင် အခြေအနေများနှင့် ပညာသည် ဆိုင်ရာ အကျိုးခံစားခွင့်အစီအစဉ်များဖြစ်သည်။

စစ်တမ်းတွင် သတင်းသမားများအား အဆိုသုံးချက်အပေါ် သဘောတူ/မတူ ဖြေခိုင်းသည်။ ထိုအဆိုသုံးချက်မှာ သတင်းအလုပ်အပေါ် ခိုင်မာသည့်အလုပ်အကိုင်အဖြစ် အားကိုးနိုင်မှု၊ မိမိအလုပ်အပေါ်မှ အခြေခံ အကျိုးခံစားခွင့်များ ရရှိနိုင်မှုတို့ကို စောကြောထားသည့် အဆိုများဖြစ်သည်။

လေးပုံ-သုံးပုံနီးပါး (၇၃ ရာခိုင်နှုန်း) က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ‘သတင်းသမားအဖြစ် ရသည့်လစာနှင့် ရပ်တည်နိုင်ခဲ့ပါသည်’ ဆိုသော အဆိုကို ‘သဘောတူသည်’ ဟု အဖြေပြန်ပေးသည်။

သို့သော် ၎င်းတို့မိခင်အဖွဲ့အစည်းများဘက်က ကျန်းမာရေးအာမခံ၊ ခွင့်၊ အလုပ်နား/အလုပ်ထုတ်လျော်ကြေး စသည့် အခြေခံခံစားခွင့်များ ပေးခြင်းဆိုင်ရာ အဆိုများအပိုင်းကို ဖြေဆိုရာမှာတော့ သဘောတူမတူ အဖြေများက မတိမ်းမယိမ်းဖြစ်နေသည်ကို တွေ့ရသည်။

သတင်းသမားများ အနေဖြင့် ‘လစာပြည့်ခွင့်၊ လုပ်သက်ဆုကြေး သို့မဟုတ် အလုပ်နား/အလုပ်ထုတ် လျော်ကြေး စသည့် ဝန်ထမ်း အခြေခံ ခံစားခွင့်များ အနက်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရရှိနေသည်။ သို့မဟုတ် ရရှိခဲ့သည်’ ဆိုသော အဆိုအပေါ် ၅၃ ရာခိုင်နှုန်းက သဘောတူသည် ဟု ဖြေပြီး ၄၇ ရာခိုင်နှုန်းက သဘောမတူ ဟု ဖြေရာ ဆတူနီးပါးရှိသည်။

သို့ရာတွင်  လက်ရှိ သတင်းအလုပ်မှာဖြစ်စေ၊ သတင်းလောကမှ မနုတ်ထွက်ခင်က ဖြစ်စေ ကျန်းမာရေးအာမခံ မရှိခြင်းမှာ အတွေ့ရအများဆုံးဖြစ်ဟန်ရှိသည်။ ဖြေဆိုသူအားလုံး၏ ၇၁ ရာခိုင်နှုန်းက ‘ကျွန်ုပ်၏ မိခင်သတင်းဌာနက ကျွန်ုပ်အတွက် ကျန်းမာရေးအာမခံထားပေး(ခဲ့) ပါသည်’ ဆိုသော အဆိုကို သဘောမတူကြပါ။ ကျန်သည့် ၂၉ ရာခိုင်နှုန်း သို့မဟုတ် သုံးပုံတပုံနီးပါးတွင် အလုပ်ရှင်က ဝယ်ယူပေးထားသော ကျန်းမာရေး အာမခံရှိခဲ့ကြသည်။

၎င်းကို ကြည့်ပါက အလုပ်တိုက်ပိတ်သိမ်းခြင်း၊ ဝန်ထမ်းလျှော့ချခြင်းကဲ့သို့သော အကျပ်အတည်း ကာလများတွင် သိသာသည့် မြန်မာနိုင်ငံ သတင်းလောက၏ ပညာသည်ဆိုင်ရာ စံနှုန်းများကို မြင်နိုင်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီစခဲ့သည့် ကိုဗစ်-၁၉ ကာလမှာရော အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ အတွေ့ရများသည့် အခြင်းအရာဖြစ်သည်။

သတင်းစာလွတ်လပ်ခွင့်ကို ရိုက်ချိုးဖျက်ဆီးခြင်း

အာဏာမသိမ်းခင် သတင်းမီဒီယာအခြေအနေကို ခြုံကြည့်သည့်အခါ ‘သူတပါးဩဇာမခံမှု၊ လွတ်လပ်မှုနှင့် ပညာသည်ပီသမှု (အရည်အသွေးပြည့်ဝမှု) အရ သတင်းမီဒီယာအရည်အသွေးကို’ ၁ (အလွန်နိမ့်ပါး) မှ ၅ (အလွန်ကောင်း) အထိ အကဲဖြတ်ခိုင်းသည့်အခါ ဖြေဆိုသူပေါင်း၏ ထက်ဝက်နီးပါး (၄၉ ရာခိုင်နှုန်း) က နံပါတ် ၃ (အလယ်အလတ်) ကို ရွေးချယ်ကြသည်။ အမှတ်စဉ် ၄ (ကောင်း) နှင့် ၅ (အလွန်ကောင်း) ကို ရွေးချယ်သူစုစုပေါင်း ၃၈ ရာခိုင်နှုန်းရှိသည်။ 

သတင်းသမားများအနေဖြင့် အကူအညီအထောက်အပံ့ကို ပထမဆုံး ဘဝတူမီဒီယာသမားများ ထံမှ၊​ ဒုတိယအားဖြင့် ပရိသတ်တို့ထံမှ မည်မျှရရှိသည်ကို ညွှန်ပြခိုင်းသည့် မေးခွန်းနှစ်ခု မေးသည်။

မီဒီယာကို ဖိနှိပ်နေသည့်အခါတွင် ‘ဘဝတူလုပ်ဖော်ကိုင်ဖက်များအပေါ် အားကိုး’ နိုင်သည့်အတိုင်းအတာကို မေးသည့်အခါ ၄၂ ရာခိုင်နှုန်းက အလယ်အလတ်အဆင့် (၃) ကို ရွေးပြီး ၃၈ ရာခိုင်နှုန်းက များသောအားဖြင့်သဘောတူ (၄) နှင့် လုံးဝသဘောတူ (၅) တို့ကို ဖြေဆိုကြသည်။

‘မည်သူ့ဩဇာမှမခံဘဲ မိမိအလုပ် မိမိလုပ်သည့် သတင်းမီဒီယာများရပ်တည်နိုင်မှုကို အားပေးသော သတင်းပရိသတ်တို့ ရှိမှန်းသိသည်။ သတင်းဌာနများနှင့် အမြင်မတူလျှင်တောင် သတင်းမီဒီယာ လောက၏ ရပ်တည်ရာနေရာ ပျောက်မသွားအောင် ဘာကြောင့် ကာကွယ်ပေးသင့်မှန်းကိုလည်း ထိုပရိသတ်က နားလည်ကြသည်’ ဆိုသော အဆိုကို အကဲဖြတ်ခိုင်းသည်။ ပရိသတ်ထံ၏ အားပေးထောက်ခံမှုကို ခန့်မှန်းခိုင်းရာတွင် အမှတ်စဉ် (၁) ‘လုံးဝသဘောမတူ’ မှ အမှတ်စဉ် (၅) ‘လုံးဝသဘောတူ’ အထိ ရွေးချယ် ခိုင်းသောအခါ ထက်ဝက်နီးပါး (၄၉ ရာခိုင်နှုန်း) က အမှတ်စဉ် (၄) နှင့် (၅) ‘များသောအားဖြင့် သဘောတူ’ နှင့် ‘လုံးဝသဘောတူ’ တို့ကို အဖြေပေးကြသည်။ ၃၅ ရာခိုင်နှုန်းက ကြားနေအဖြေဖြစ်သော အမှတ်စဉ် (၃) ကို ပေးကြသည်။

‘Facebook သည် အထူးအားဖြင့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းတွင် သတင်းလုပ်ငန်းအတွက် အထူးအားကိုးရသူ ဖြစ်လာခဲ့သည်’ ဆိုသော အဆိုကို သဘောတူမတူ မေးသည့်အခါ ထက်ဝက်နီးပါး (၄၉ ရာခိုင်နှုန်း) က ‘များသောအားဖြင့်သဘောတူ’ (၄) ကို ရွေးချယ်ကြပြီး ၁၆ ရာခိုင်နှုန်းက ‘လုံးဝသဘောတူ’ (၅) ကို ရွေးချယ်ကြသဖြင့် အဆိုအပေါ် များသောအားဖြင့်နှင့် ရာနှုန်းပြည့် သဘောတူမှု ပမာဏ စုစုပေါင်း ၆၅ ရာခိုင်နှုန်း ရှိသည်။ 

“အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကြောင့် နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ မဏ္ဍိုင် ၃ ခုရဲ့ ထောက်တိုင်ဖြစ်တဲ့ မီဒီယာအခန်းမှာ ပပျောက်လုနီးပါး ဖြစ်တဲ့အတွက် ဒါကို ကမ္ဘာတစ်ဝန်း ထိန်းချုပ်ပေးစေချင်ပါတယ်” ဟု ဖြေဆိုသူတဦးက မှတ်ချက်ပေးသည်။ 

“(ရွေးကောက်ခံအစိုးရ) အာဏာအမြန်ဆုံးပြန်ရပြီး ကိုယ့်နေရာ အမြန်ဆုံးပြန်ချင်တာပါပဲ” ဟုလည်း နောက်တဦးက ဖြေဆိုသည်။ 

(*ဂျိုဟန်နာ ဆင်သည် Reporting ASEAN ၏ အယ်ဒီတာ/တည်ထောင်သူ ဖြစ်သည်။ Reporting ASEAN အဖွဲ့သည် အဆိုပါ စစ်တမ်းကို ၂၀၂၂ ဖေဖော်ဝါရီ-မတ် နှစ်လတွင် ကောက်ယူခဲ့သည်။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာပါ စစ်တမ်းမေးခွန်းများကို မေးမြန်းခဲ့သည်။ ယခု စစ်တမ်းသည် ဆာဆာကာဝါ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ‘Lens Southeast Asia’ စီမံကိန်းတွင် အပါအဝင် ဖြစ်သည်။)

Leave a Comment

© 2023 Reporting ASEAN – Voices and views from within Southeast Asia. All Rights Reserved.

Scroll to top